မက္ကဆီကို တက္ကသိုလ်ပညာရေးစနစ်သစ်ကို ကျောင်းသားထောင်ချီ ကန့်ကွက်

996
မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကို စီးတီးက အကြီးဆုံးတက္ကသိုလ်တွေထဲက တခုမှာ သင်ရိုးနဲ့ စည်းမျဉ်းတွေ ပြောင်းတာဟာ ပညာရေးအဆင့်အတန်းကို နိမ့်ပါးစေတဲ့အတွက် မကျေနပ်တဲ့ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆန္ဒပြနေတာပါ။
အမျိုးသား ပေါ်လီတက်စ်ကနစ် အင်စတီကျူ (National Polytechnic Institute, or IPN) က ကျောင်းသားတွေနဲ့ ဆရာတွေရဲ့ ဆန္ဒပြပွဲကြောင့် လူသန်းချီ နေထိုင်သွားလာနေတဲ့ မက္ကဆီကိုစီးတီးမြို့ထဲမှာ ယာဉ်ကြောတွေ ပိတ်ဆို့ကုန်ပါတယ်။
အရင်က အခမဲ့ဖြစ်တဲ့ ဝန်ဆောင်မှုတွေနဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေအတွက် ငွေပေးရတဲ့ကိစ္စနဲ့ တချို့ဘာသာရပ်တွေကို ဖယ်ရှားမယ့် အဆိုပြုထားတဲ့ သင်ရိုးသစ်ကို လူသိရှင်ကြား ရှုတ်ချရင်း ပြန်လှန်သုံးသပ်ဖို့ ပညာရေးအရာရှိတွေကို တောင်းဆိုခဲ့ကြပါတယ်။
မက္ကဆီကိုနိုင်ငံတလွှားမှာ ဖွင့်ထားတဲ့ အိုင်ပီအန် တက္ကသိုလ်နယ်မြေခွဲတွေမှာ ကျောင်းသား ၁ သိန်း ၇ သောင်းနဲ့ ဆရာ ၁ သောင်း ၇ ထာင်လောက် ရှိနေတာပါ။
သိပ္ပံနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေလို နည်းပညာ သက်မွေးဝမ်းကျောင်းကို အာရုံစိုက် သင်ကြားတဲ့ ထိပ်တန်းပညာရေးဌာနလည်း ဖြစ်ပါတယ်။
ပညာရေးအရာရှိတွေကတော့ အပြောင်းအလဲကို ကာကွယ်ရင်း သင်ရိုးသစ်ဟာ အိုင်ပီအန်ရဲ့ စည်းမျဉ်းတွေနဲ့ သင်ကြားမှုအစီအစဉ်တွေကို အဆင့်မြင့်စေပြီး နောက် ၁ နှစ်အထိ အကောင်အထည် ဖော်ဦးမှာ မဟုတ်သေးဘူးလို့ ပြောခဲ့ပါတယ်။
