ဂျာမန်လေယာဉ်မှူးများ ဆန္ဒပြ၊ ခရီးစဉ် ၅၀ ခန့် ဖျက်သိမ်း

879
ဂျာမန်လေကြောင်းလိုင်း လုဖ်သန်စာ (Lufthansa)က လေယာဉ်မှူးတွေ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆန္ဒပြနေလို့ ခရီးဝေးပျံသန်းတဲ့ လေကြောင်းခရီးစဉ် ၅၀ လောက်ကို ဖျက်သိမ်းခဲ့ရပါတယ်။
လေယာဉ်မှူးတွေကို စောစော အငြိမ်စားပေးမယ့် အစီအစဉ်ကို အငြင်းပွားပြီး ခုလို ဆန္ဒပြတာပါ။
ဆန္ဒပြမှုကို စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၆ နာရီကနေ ည ၉ နာရီထိလို့ စီစဉ်ထားပေမယ့် ဥရောပရဲ့ တတိယအကြီးဆုံးလေဆိပ်ဖြစ်တဲ့ ဖရန့်ဖတ်မှာ စက်တင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းကနေ အောက်တိုဘာ ၁ ရက်နေ့အထိ လေယာဉ်ခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်နိုင်တာပါ။
လုဖ်သန်စာလေယာဉ်မှူး အယောက် ၅၄၀၀ ကို ဗီစီ ကုန်သွယ်ရေးသမဂ္ဂက ကိုယ်စားပြုထားပါတယ်။
လေယာဉ်မှူးတွေကို အသက် ၅၅ နှစ်မှာ အငြိမ်းစား ယူခွင့်ပေးပြီး ပုံမှန်ပင်စင်လစာ ပေးချေမှု မစခင် သူတို့လစာရဲ့ ၆၀ ရာခိုင်နှုန်း ရစေဖို့ ခွင့်ပြုမယ့် အစီအစဉ်ကို လေကြောင်းလိုင်းက ဆက်ထားဖို့ လိုလားနေတာပါ။
ဒီဆန္ဒပြမှုဟာ ဒီနှစ်အတွင်း လေယာဉ်မှူးတွေရဲ့ ၅ ကြိမ်မြောက် ဆန္ဒပြမှု ဖြစ်ပါတယ်။ အရင်အပတ်က ပြင်သစ်လေကြောင်းလိုင်းက လေယာဉ်မှူးတွေ ဆန္ဒပြခဲ့လို့ ပြင်သစ်နဲ့ ဒတ်ခ်ျ ဖက်စပ်ကုမ္ပဏီ အဲဖရန့်စ်အတွက် အမေရိကန်ဒေါ်လာ ၃၅၅ သန်းဖိုး ဆုံးရှုံးခဲ့ပါတယ်။
လုဖ်သန်စာကတော့ ဒီနှစ်မှာ စပြီးအလုပ်ဝင်တဲ့ ဝန်ထမ်းတွေအတွက် အငြိမ်းစားယူခွင့် အစီအစဉ်ကို ဆက်ထားဖို့ ကမ်းလှမ်းထားပြီး လူသစ်တွေအတွက် အငြိမ်းစား ယူနိုင်မယ့် အစောဆုံး အသက်ကို တိုးချင်နေတာပါ။
သမဂ္ဂကတော့ ဒီရွေးချယ်မှုဟာ လေယာဉ်မှူးအသစ်တွေအတွက် မတရားဘူးလို့ ပြောပါတယ်။
