Home
မြန်မာသတင်း
မြေယာသိမ်းပြဿ နာ အစိုးရအလေးထားဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်းမည်
ပိုင်စိုး
·
September 26, 2014
မြေယာသိမ်း တိုင်ကြားစာတွေကို သက်ဆိုင်ရာက ဖြေရှင်းပေးရာမှာ ၁၀ ရာခိုင်နှုန်း တောင် မရှိဘူးလို့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှု မရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်က လွှတ်တော်မှာ ရှင်းလင်း ပြောကြားပါတယ်။ Parliment 12092014လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေရေး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဖြေရှင်းဆောင်ရွက်မှု အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုဖို့အတွက် တင်သွင်းရာမှာ ပြောကြားလိုက်တာပါ။ ကော်မရှင်က သက်ဆိုင်ရာအစိုးရနဲ့ အဖွဲ့အစည်း အသီးသီးကို တိုင်စာပေါင်း ၉၂၄၈ စောင်ပေးပို့ခဲ့ပေမယ့် ၈၈၂ စောင်ပဲ ဖြေရှင်းပေးခဲ့တယ်လို့ ဦးတင်ထွဋ်က ပြောပါတယ်။ အဲဒီမှာ ကာကွယ်ရေးဝန်ကြီးဌာနက ၂၁.၆၈ ရာခိုင်နှုန်းနဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကတော့ ၄.၅ ရာခိုင်နှုန်း ဖြေရှင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဖြေရှင်းရာမှာ ကြန့်ကြာရတဲ့ အကြောင်းတရပ်ကိုလည်း ဦးတင်ထွဋ်က အခုလို ပြောပါတယ်။ “နိုင်ငံသမ္မတရုံးက မြို့နယ်အလိုက် ရွေးကောက်တင်မြောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ် များနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်ကို ဆက်လက်ပြီးတော့ ထပ်ဆင့်ညွှန်ကြားထားခြင်း မရှိတဲ့အတွက် ကျနော်တို့ ရှင်းတဲ့အခါမှာ အောက်ခြေက သိရှိခြင်း မရှိကြောင်း တွေ့ရှိရပါတယ်။ အောက်ခြေအထိ သိရှိအောင် သက်ဆိုင်ရာ ၀န်ကြီးဌာန လက်အောက်သို့ ဆက်လက်ညွှန်ကြားပေးရန် လိုအပ်ပါတယ်။” အခုလို မြေယာပြဿနာတွေကို ဖြေရှင်းဖို့ အားနည်းနေတာဟာ အစိုးရအတွက် အဓိက စိန်ခေါ်မှုတခု ဖြစ်ပြီး နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်နိုင် တဲ့အတွက် အထူးဦးစားပေးဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဦးတင်ထွဋ်က ဆက်ပြောပါတယ်။ မြေပုံစာရင်းဇယားနဲ့ လက်ရှိအခြေအနေ ကွဲလွဲတဲ့အကြောင်းကိုလည်း သူက အခုလို ပြောပါတယ်။ “တတိယအချက်အနေနဲ့ကတော့ မြေပုံ မှန်ကန်မှု မရှိခြင်းပဲ ဖြစ်ပါတယ်။ မြေစာရင်း ဦးစီးဌာနရဲ့ စာရင်းအရ မြေလွတ်မြေရိုင်းဖြစ်နေပြီး မြေပြင်မှာ တောင်သူများ အမှန်တကယ် စိုက်ပျိုးနေတဲ့မြေများကို မြေလွတ်မြေလတ်နှင့် ရောထွေးသိမ်းဆည်းခြင်း ဖြစ်ပါတယ်။ မြေယာ သိမ်းဆည်းခြင်းကိစ္စမှာ အဓိက ဇာတ်ဆောင်က မြေစာရင်းဦးစီးဌာနသာ ဖြစ်ပါတယ်။ မူလ ကတည်းက မမှန်တဲ့ စာရင်းအပေါ်မှာ အခြေခံပြီး သုံးသတ်ဆုံးဖြတ်တဲ့အတွက် မြေယာပြန်ပေးတဲ့ အပေါ်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် မငြိမ်းနိုင်တဲ့ ဆုံးဖြတ်ချက်တွေ မပြီးနိုင်တဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။” ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဆွေးနွေးရာမှာတော့ အရင် အစိုးရအနေနဲ့ တောင်သူလယ်သမားတွေကို ဒုက္ခရောက်အောင် မလုပ်တာကို ရဲရဲကြီး တာဝန်ခံရဲတယ်လို့ ပြောပါတယ်။ လူပုဂ္ဂိုလ်တချို့ရဲ့ အားနည်းချက်ကြောင့် မတော်မတရားမှုတွေ ဖြစ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။ တပ်၊ ဌာနနဲ့ ကုမ္ပဏီတွေအနေနဲ့ ကိုယ်တိုင်မြေ သိမ်းတာမဟုတ်ပဲ လိုအပ်တဲ့မြေကို မြေသိမ်းရေးအဖွဲ့က သိမ်းဆည်းပေးခဲ့တာဖြစ်ပြီး မြေပြင်မြေပုံနဲ့ ကွဲလွဲနေတာတွေ ရှိတဲ့အတွက် အခုလို မြေယာသိမ်းဆည်းတဲ့ပြဿနာတွေ ဖြေရှင်းရခက်နေတာလို့လည်း ဦးရွှေမန်းက ပြောပါတယ်။ မြေယာပြဿနာဖြေရှင်းမှု အခြေအနေကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန တွေကလည်း ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီး အစိုးရနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကို မြေယာပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့အတွက် တိုက်တွန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေ့ အစည်းအဝေးမှာ အမျိုးသားပညာရေး ဥပဒေကြမ်းကို ဆွေးနွေး အတည်ပြုဖို့ ရှိနေပေမယ့် မြေယာကိစ္စဆွေးနွေးရာမှာ အချိန်ကြန့်ကြာသွားတဲ့အတွက် နောက်ရက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024