အာဖရိကကို ဆန်တန်ချိန် ၆ သောင်း တင်ပို့မည်
DVB
·
September 26, 2014
လာမယ့် အောက်တိုဘာလအတွင်း အာဖရိကတိုက်ကို ဆန်တန်ချိန် ၆ သောင်း တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံနယ်စပ်ကနေ တဆင့် တရုတ်နိုင်ငံဘက် တင်ပို့တဲ့ ဆန်တွေကို တရုတ်ပြည်ဘက်မှာ ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ကုန်သည်တွေက တင်ပို့မှု ရပ်ဆိုင်းထားကြချိန်လည်း ဖြစ်ပါတယ်။
ရန်ကုန်မှာတော့ တရုတ်လယ်ယာစိုက်ပျိုးရေး ၀န်ကြီးနဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ တွေ့ဆုံချိန် မြန်မာ့ဆန် တရုတ်ကို တရားဝင် တင်ပို့နိုင်ရေး ဆွေးနွေးခဲ့ကြပြီး မကြာခင် စာချုပ်ချုပ်ဆိုပြီး တရားဝင် တင်ပို့နိုင်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၁ သန်း ၂ သိန်း တင်ပို့နိုင်ခဲ့ပြီး အခု ဘဏ္ဍာရေးနှစ်မှာတော့ ၂ သန်း အထိ တင်ပို့နိုင်ဖို့ မျှော်မှန်းထားပါတယ်။