ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ရေး လူ သိန်းချီ ဆင်နွှဲ

1K
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်ရေး နိုင်ငံတကာနေ့ကို ကမ္ဘာ့တလွှား နိုင်ငံပေါင်း ၁၆၆ နိုင်ငံက မြို့ကြီးတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က လူသိန်းချီ ဆင်နွှဲ ကျင်းပခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ပေါ်က လမ်းတွေပေါ်မှာ ၅ နှစ်အတွင်း အကြီးဆုံးဆန္ဒပြပွဲအဖြစ် လူ ၁ သိန်းလောက် ချီတက်ခဲ့ကြတာပါ။
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် ဒုသမ္မတဟောင်း အယ်လ်ဂိုး၊ ဟော လိဝုဒ်ငွေကြယ်ပွင့် လီယိုနာဒို ဒီကာပရီယိုတို့လည်း ပြည်သူ့ချီတက်ပွဲကို ပူးပေါင်းပါဝင်ခဲ့ပါတယ်။
မစ္စတာဘန်ကီမွန်းကလည်း နို့တိုက်သတ္တဝါလေ့လာမှု ပညာရှင်နဲ့ ပြင်သစ် ဂေဟစနစ်ဝန်ကြီးတို့နဲ့အတူ လက်တွဲချီတက်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် သြဂုတ်လဟာ ၂၁ ရာစုနှစ်ရဲ့ ပျမ်းမျှအပူချိန်ထက် ပိုပြီး စံချိန်တင် အပူဆုံးလ ဖြစ်ခဲ့တယ်လို့ အမေရိကန် အမျိုးသား အဏ္ဏ၀ါနဲ့ လေထု စီမံခန့်ခွဲရေးဌာနက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
နယူးယောက်မြို့တော်ဝန်ကတော့ ၂၀၅၀ မှာ ၂၀၀၅ ခုနှစ်က ထုတ်လွှင့်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းကို လျှော့ချ ဖြတ်တောက်ဖို့ စီမံကိန်းသစ်ကို စက်တင်ဘာ ၂၁ ရက်နေ့က ထုတ်ပြပါတယ်။
မြို့တော်စည်ပင်ပိုင် အဆောက်အဦအားလုံးအတွက် အပူပေးစနစ်၊ အအေးပေးစနစ်နဲ့ အလင်းရောင်ပေးစနစ်အားလုံးကို စွမ်းအင်သုံးစွဲမှု သက်သာမယ့် ပစ္စည်းတွေနဲ့ အစားထိုးမယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံ မြို့တော်ပါရီက ချီတက်ပွဲကတော့ ကမ္ဘာ့စီးပွားရေးအတွက် သန့်ရှင်းတဲ့ စွမ်းအင်ကိုသာ ရာနှုန်းပြည့် သုံးဖို့ တောင်းဆိုရေး ရည်မှန်းထားပါတယ်။
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာတော့ မိုးတွေ သည်းနေတဲ့ကြားက ချီတက်ပွဲကို ဖြစ်အောင် လုပ်ခဲ့တာပါ။
သူတို့ကလည်း သန့်ရှင်းတဲ့စွမ်းအင်ကို ရာနှုန်းပြည့်သုံးရေး ပန်းတိုင်ကို တကယ်ဖြစ်အောင် လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဥရုဂွေးနိုင်ငံမှာ ရာနှုန်းပြည့် ပန်းတိုင်ကို ရောက်နေပြီး နော်ဝေကလည်း ရောက်ခါနီးနေပြီ၊ ဂျာမနီကတော့ ၅၀ ရာခိုင်နှုန်းကို နီးနေပြီလို့ ဒေသခံ ပွဲစီစဉ်သူ မိုဟာလမ်က ပြောပါတယ်။
“သဘာဝပတ်ဝန်းကျင်ဟာ ဒုက္ခရာက်နေပြီလို့ လူတိုင်းက အသိအမှတ်ပြုရတဲ့ တကယ့်အခြေအနေရောက်နေပြီ။ ကျနော်တို့ တခုခု လုပ်ဖို့ လိုနေပြီ” လို့ ပွဲချီတက်သူ တဦးက ပြောပါတယ်။
လာမယ့် စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ ကုလသမဂ္ဂဟာ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတဲ့ ကာဗွန်ထုတ်လွှင့်မှု လျော့ချရေး နယူးယောက်မှာ ညှိနှိုင်းဆွေးနွေးတော့မှာ ဖြစ်ပြီး နိုင်ငံပေါင်း ၁၂၀ က ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးဖို့ ရှိနေပါတယ်။
