ပျောက်ဆုံး ပြင်သစ်နိုင်ငံသား ၂ ဦး ရှာဖွေမှု အိန္ဒိယရဲ ရပ်ဆိုင်း

အိန္ဒိယနိုင်ငံ ဟီမချယ် ပရာဒေ့ရှ်ပြည်နယ် ဒရမ်ရှာလာမြို့မှာ ပျောက်ဆုံး ပြင်သစ်နိုင်ငံသား ၂ ယောက်ကို အိန္ဒိယရဲတွေက ၅ ကြိမ်မြောက်ရှာဖွေမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ရပ်ဆိုင်းလိုက်ပါတယ်။ တောင်တက်ပညာရှင်တွေ ပြည်နယ်ရဲတွေ၊ ဒေသခံတောင်တက်သမားတွေနဲ့ အိန္ဒိယ တိဘက်နယ်စပ်ရဲတွေပါတဲ့ ရှာဖွေရေးအဖွဲ့ဝင် ၂၇ ယောက်ရဲ့ ရှာဖွေမှုက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က စခဲ့တာပါ။ ဒါပေမယ့် ဘယ်လိုသက်သေနဲ့ သဲလွန်စ အသစ်မှ ထပ်မတွေ့ခဲ့ပါဘူး။ နယူးဒေလီမြို့တော်က ပြင်သစ်သံရုံးရဲ့ ရဲမှူးက နောက်ထပ် ရှာဖွေရေးကို မကြာခင် ထပ်လုပ်မယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေရဲ့ ရှာဖွေရေးအားထုတ်မှုတွေအတွက် သံရုံးအနေနဲ့ ကျေးဇူး တင်ကြောင်းလည်း ပြောပါတယ်။ အသက် ၂၀ နဲ့ ၂၁ နှစ်အသီးသီးရှိတဲ့ ပြင်သစ်ခရီးသည် ၂ ယောက်ဟာ မနှစ်က သြဂုတ်လအတွင်း လူ ၃၂ ယောက်ပါတဲ့အုပ်စုနဲ့ တားရန့်ဒ်တောင်ကုန်းကို တက်ရာကနေ ပျောက်ဆုံးနေခဲ့တာပါ။ ဟိမဝန္တာ တောင်စွယ် ကစ်ရှ်တွာတောင်တန်းရဲ့ အမြင့်ဆုံးတောင်ထိပ်ကို တက်ဖို့ အုပ်စုကနေ ခွဲထွက်ရာက ပျောက်သွားတာ ဖြစ်ပါတယ်။ ပြည်နယ်ရဲ၊ ပြည်ထောင်စုရဲတွေ ကပ်ဘေးတုံ့ပြန်ရေးအဖွဲ့တွေနဲ့ စစ်ရဟတ်ယာဉ်တွေက ၁ လကြာ ရှာဖွေရေး လုပ်ခဲ့ပေမယ့် ခုထိ ရှာမတွေ့သေးပါဘူး။ ၂၀၁၄ ဇွန်လက ဒေသခံ တောင်တက်သမားတွေက စာအုပ်တွေ၊ ကင်မရာတွေ မှန်ပြောင်းတွေနဲ့ တခြား တကိုယ်ရေသုံးပစ္စည်း တွေပါတဲ့ ပျောက်ဆုံးသူတွေရဲ့ ကျောပိုးအိတ်ကို တောင်ထိပ်နားက စမ်းချောင်းထဲ မျောနေတာ တွေ့ခဲ့ကြပါတယ်။ အဲဒီ ဖြစ်ရပ်နောက်ပိုင်း ရှာဖွေမှုကတော့ ဒေသတွင်း နှင်းအကြီးအကျယ်ကျလို့ ရပ်ဆိုင်းခဲ့ရတာပါ။ လွန်ခဲ့တဲ့နှစ် ၆၀ က ဧဝရတ်တောင်ကို အောင်အောင်မြင်မြင် ခြေချနိုင်ခဲ့ပေမယ့် ဟိမဝန္တာဟာ တောင်တက်သမားတွေအတွက် လက်လှမ်းမီဖို့ ဝေးနေဆဲပါ။

More News
Up