၂၀၃၀ မှာ မိသားစုတိုင်း မီးသုံးနိုင်အောင် စီမံချက်ထားရှိ

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် ၃ နှစ်တာကာလ အတွင်း လျှပ်စစ်ဓာတ်အား ၃၃ ရာခိုင်နှုန်း တိုးတက်အောင် လုပ်နိုင်ခဲ့ပြီး နောင် ၁၆ နှစ်အကြာ ၂၀၃၀ ခုနှစ်ရောက်ရင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ ရအောင် စီမံကိန်းချ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်။ Electricစက်တင်ဘာ ၁၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက် စတုတ္တအကြိမ် အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက ပြောလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက အိမ်ထောင်စုပေါင်း ၂ ဒသမ ၄ သန်းကျော်ကိုပဲ မီးပေးနိုင်ခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာ အိမ်ထောင်စုပေါင်း ၃ သန်းကျော်ကို မီးပေးနိုင်ခဲ့ပြီလို့ သူက ရှင်းပြပါတယ်။ ဒါဟာ ၁ နှစ်ကို မိသားစု ၂ သိန်းလောက် တိုးတက် မီးရရှိလာတာ လို့ ဆိုနိုင်ပေမယ့် ဒီနှုန်းနဲ့တော့ ၂၀၃၀ မှာ ရာခိုင်နှုန်းပြည့် မီးသုံးနိုင်ရေး မလုပ်နိုင်ဘူးလို့ သူက ပြောပါတယ်။ အနည်းဆုံး နှစ်စဉ် ဓာတ်အား ဆက်သွယ်တပ်ဆင်မှုကို ၂ ဆ လုပ်နိုင်မှ စီမံကိန်းအောင်မြင်မယ်လို့ ဆိုပါတယ်။ ဒီ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးဌာနတွေနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ကျင်းပတာ ဖြစ်ပါတယ်။

More News
Up