ကမ္ဘောဒီးယားတွင် အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆို

ကမ္ဘောဒီးယားနိုင်ငံ ဖနွိုင်ပင်မြို့တော်က အထည်ချုပ်စက်ရုံတရုံမှာ အလုပ်သမား ၁ ထောင် လောက် စက်တင်ဘာလ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြပြီး အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ cambodia1709eလက်ရှိလခ အမေရိကန်ဒေါ်လာ ၁၁၀ ကနေ ၁၇၇ ဒေါ်လာတိုးပေးဖို့ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုကြတာပါ။ ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းရှင်များအသင်းကလည်း ၂၀၁၈ ခုနှစ်မှာ လုပ်ခလစာ အမေရိကန်ဒေါ်လာ ၁၆၀ အထိ ဖြည်းဖြည်းချင်းတိုးပေးသွားဖို့ကိုလည်း သဘောတူထားပါတယ်။ ဆန္ဒပြအလုပ်သမားခေါင်းဆောင်တဦးက လုပ်ခလစာ ၁၇၇ ဒေါ်လာအထိတိုးပေးဖို့ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းနေပြီး ဒီနေ့တော့ အလုပ်သမားတွေနဲ့ အင်အားပြတောင်းဆိုတာလို့ ပြောဆိုပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်လာပြီး လုပ်ခလစာနဲ့ မလောက်ငှတော့လို့ အခုလိုတောင်းဆိုရတာ ဖြစ်တယ်လို့လည်း အလုပ်သမားတွေက ပြောဆိုကြပါတယ်။ အလုပ်သမားဆန္ဒပြပွဲကို ကမ်ဘောဒီးယာလုံခြုံရေးတွေ အနီးကပ်စောင့်ကြည့်ခဲ့ကြပေမယ့် ဖြိုခွင်းဖမ်းဆီးမှုတွေတော့ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက အခုလိုအထည်ချုပ်အလုပ်သမားတွေ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲတခုမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေခဲ့ကြပြီး ဆန္ဒပြသူ ၄ ဦး သေဆုံးခဲ့တယ်လို့ အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။ အထည်ချုပ်လုပ်ငန်းဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက၀င်ငွေရတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက နာမည်ကြီးအားကစားကုမ္ပဏီတွေနဲ့ အ၀တ်အထည်ကုမ္ပဏီတွေဟာ တရုတ်နိုင်ငံထက် လုပ်သမားခ သက်သာတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ စက်ရုံတွေ တည်ဆောက်လုပ်ကိုင် နေကြတာပါ။

More News
Up