ပြင်သစ်လေယာဉ်မှူးများ သပိတ်မှောက်မှုကြောင့် ခရီးစဉ် ၆၀ ရာခိုင်နှုန်း ထိခိုက်

881
ပြင်သစ်လေကြောင်းလိုင်းလေယာဉ်မှူးတွေ စက်တင်ဘာ ၁၆ ရက်နေ့က စပြီး ၁ ပတ်ကြာ သပိတ်မှောက်ပွဲ စတင်လိုက်တာကြောင့် ပုံမှန် လေယာဉ်ခရီးစဉ်တွေရဲ့ ၆၀ ရာခိုင်နှုန်း ထိခိုက်နေတယ်လို့ ပြင်သစ်လေကြောင်းလိုင်းက ပြောပါတယ်။
လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးတွေကို ဥရောပတန်ဖိုးနည်းလေကြောင်းလိုင်း တခုဖြစ်တဲ့ ထရန်ဆေးလ်ဗီယား (Transavia) လေကြောင်းလိုင်းကို ပြောင်းရွှေ့တာဝန်ပေးမှုကို ဆန့်ကျင် သပိတ်မှောက်ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့တ၀န်းက ပြင်သစ်လေကြောင်းလိုင်းစီး ခရီးသည်တွေအားလုံး တခြား လေကြောင်းလိုင်း ပြောင်းစီးဖို့ ဒါမှမဟုတ် ခရီးစဉ်တွေကို ရွှေ့ဆိုင်းဖို့ ပြင်သစ်လေကြောင်းလိုင်းက တိုက်တွန်းထားပါတယ်။
ပြင်သစ်လေကြောင်းလိုင်း အရာရှိချုပ် ဖရန့်ဒရစ် ဂါရီဝ်(Frederic Gagey)က လေယာဉ်မှူးများ သပိတ်ကြောင့် ၁ ရက်ကို အမေရိကန်ဒေါ်လာ ၁၃ သန်း ကနေ ၁၉ သန်း အထိ ထိခိုက်ရတယ်လို့ ပြောဆိုပါတယ်။
တန်ဖိုးနည်းလေကြောင်းလိုင်း ထရန်ဆေးလ်ဗီယားကို ပြောင်းရွှေ့မယ့် လေယာဉ်မှူးတွေကို လုပ်သက်အရ ခံစားခွင့်တွေကို ညှိနှိုင်းပေးမယ်လို့ ပြင်သစ် လေကြောင်းလိုင်းက ပြောပါတယ်။
