ညောင်နီရွာသားများကို ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ရန် စစ်တပ်က အမိန့်ပေး
နော်နိုရင်း
·
September 11, 2014
မန္တလေးတိုင်း ပြင်ဦးလွင် (ခေါ်) မေမြို့၊ ညောင်နီကျေးရွာက တောင်သူ လယ်သမား ၂၈ ဦးပိုင်မြေနေရာကို စစ်တပ်ကသိမ်းခဲ့ပြီး စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးဖို့ မထွက်ရင် တရားဥပဒေအရ အရေးယူမယ်လို့ သတိပေးစာထုတ်ဆင့်လိုက်ပါတယ်။
ညောင်နီရွာက တောင်သူ ၂၈ ဦးပိုင်ဆိုင်တဲ့ မြေရာတွေကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က တကြိမ်၊ ၂၀၀၇ နှစ်က တကြိမ်၊ စုစုပေါင်း မြေနေရာ ၁၈ ဧကကို အစိုးရတပ်က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်း အဲဒီမြေကို ရွာသားတွေကို မယူမနေရ စနစ်ပြန်ရောင်းလို့ ပြန်ဝယ်ခဲ့ ရပါတယ်။ အခုတော့ အဲဒီနေရာဟာ စစ်တပ်ပိုင်မြေဖြစ်တဲ့အတွက် ကျူးကျော်နေထိုင်တယ်ဆိုပြီး ရွာသားတွေကို စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခိုင်းတာလို့ ရွားသား ဦးပေါ်မောင်က ပြောပါတယ်။
ဒီရွာသား ၂၈ ဦးကို စစ်တပ်က ပိုင်နက်ကျူးကျော်မှုနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ကုန်ပိုင်းကလည်း အမှုဖွင့်ထားတယ်လို့လည်း ဦးပေါ်မောင်က ပြောပါတယ်။
သူတို့ ရွာသားတွေအနေနဲ့ ငယ်စဉ်ကတည်းက ဒီရွာမှာ နေထိုင်လာခဲ့ပြီးမှ အခုလို စစ်တပ်ကနေပြီး ဖယ်ရှားခိုင်းတာလို့ ပြောပါတယ်။
ပြင်ဦးလွင်မှာ လွန်ခဲ့တဲ့ ၂၀၀၆ ခုကလည်း ဗိုလ်ချုပ်ရွာ တည်ဖို့ဆိုပြီး ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေ ဧက အမြောက်အမြားကို စစ်တပ်က သိမ်းဆည်းခဲ့ပါတယ်။ လက်ရှိမှာတော့ ညောင်နီရွာအနီးမှာ ဗိုလ်ချုပ် ရွာဆိုပြီး တည်ဆောက်ထားပါတယ်။
အသံဖိုင်နားဆင်ရန်