ခွဲထွက်ပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပေးမည်ဟု ယူကရိန်းသမ္မတ ပြော

ယူကရိန်းသမ္မတ Petro Poroshenko က ယူကရိန်းနိုင်ငံ တစည်းတလုံးတည်း ဖြစ်မယ်ဆိုရင် ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ပြည်နယ်တွေမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်  ပိုမိုပေးအပ်သွားမယ်လို့ စက်တင်ဘာ ၁၀ ရက်နေ့က ပြောပါတယ်။ ယူကရိန်းခွဲထွက်ရေးတွေ နောက်ထပ်မြို့ငယ်တခုကို သိမ်းပိုက်ခဲ့ကြတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပေမယ့် အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်လုံး ထိန်းသိမ်းကြတယ်လို့ ယူကရိန်းသမ္မတက ဆိုပါတယ်။ ခွဲထွက်ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုးပေးသွားမယ်လို့ ဆိုပေမယ့် ခွဲထွက်ရေး သူပုန်ခေါင်းဆောင်တဦးကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ကို လက်မခံဘဲ ခွဲထွက်ပြီး လွတ်လပ်ရေးကြေညာမယ်လို့ ပြောပါတယ်။ ၅ လကျော်ကြာ အစိုးရတပ်တွေနဲ့ ခွဲထွက်ရေးတွေ တိုက်ခိုက်ခဲ့ကြပြီး ပြီးခဲ့တဲ့အပတ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပါတယ်။ နှစ်ဖက်ပစ်ခတ်မှုတွေမှာ လူ ၂၆၀၀ ကျော်လည်း သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့က ယူကရိန်းသမ္မတ နဲ့ ရုရှားသမ္မတ ပူတင်တို့  တယ်လီဖုန်းဆက်စကားပြောခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေးအပေါ် ခေါင်းဆောင်နှစ်ဦးလုံး အားရကျေနပ်ကြတယ်လို့ ဆိုပါတယ်။

More News
Up