မြန်မာယူ ၁၉ က အင်ဒိုနီးရှားကို ၃-၀ ဂိုးဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်

၂၀၁၄ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ  အုပ်စုက ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ဗီယက်နမ်နိုင်ငံ My Dinh အားကစားကွင်းမှာ ဒီနေ့ ညနေ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ၃-၀  ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ myanmar u 19မြန်မာအသင်းဟာ ၄-၄-၂ ပုံစံနဲ့ ပွဲထွက်ကစားခဲ့ပါတယ်။ ပွဲစဉ်စစချင်းမှာပဲ ကွင်းလယ်ကစားကွက် အသာစီးနဲ့ ကစားခဲ့ပြီး အင်ဒိုနီးရှား က ကောင်တာကတဆင့် တန်ပြန်တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ၁၀ မိနစ်လောက်မှာတော့ အင်ဒိုနီးရှား ဂိုးဧရိယာထိပ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘော ကန်ခွင့်ရပြီး အောင်သူ ကန်သွင်းရာမှာ ဂိုးဘားပေါ် ကျော်ပြီး ထွက်သွားပါတယ်။ မြန်မာအသင်းဟာ ဆက်တိုက်ဖိကစားပြီး ၁၇ မိနစ်ကျော်ကျော်မှာတော့ ညာဝင်းက ရန်နိုင်ဦး ညာချမ်းကနေ ဆွဲပြေးပြီး ဂိုးရှေ့ချပေးတဲ့ဘောလုံးကို ငြိမ်းချမ်းအောင်က သွင်းယူခဲ့ပြီး ပထမဂိုး ရရှိခဲ့ပါတယ်။ ပွဲကစားချိန် ၃၂ မိနစ်မှာတော့ မောင်မောင်စိုးက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ဒီနောက် မြန်မာအသင်းကပဲ တောက်လျှောက် ဖိကစားခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်ထိ  ၂ - ၀ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းစပြီး ၄၉ မိနစ်လောက် မြန်မာရှေ့တန်းတိုက်စစ်မှူး အောင်သူ ချပေးတာကို မောင်မောင်စိုး ဂိုးသမားကို လိမ်ခေါက်ပြီး သွင်းယူခဲ့ပေမယ့် ဂိုးဘေးကို ထွက်သွားလို့ မြန်မာအသင်း နစ်နာခဲ့ရပါတယ်။ ၅၇ မိနစ်ကျော်ကျော်မှာတော့ မြန်မာအသင်းက ဘယ်တောင်ပံကစားသမား မောင်မောင်လွင် (၁၆) အစား ကျောနံပါတ် ၁၁ သန်းပိုင် ၀င်ရောက်ကစားပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာတော့ မြန်မာအသင်း လူစားဝင်လာတဲ့ သန်းပိုင် ဘယ်တောင်ပံကနေ ထိုးဖောက်ပြီး ဂိုးရှေ့ချပေးတာကို မောင်မောင်စိုးက တတိယမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီနောက် ၈၃ မိနစ်မှာတော့ မြန်မာအသင်းက အောင်သူအစား စွမ်းထက်အောင်က ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ပွဲစဉ်ပြီးဆုံးချိန်ထိ ဂိုးထပ်မံမသွင်းယူနိုင်ပဲ ပြီးဆုံးသွားပါတယ်။ ပွဲထွက် ကစားသမားစာရင်းမှာတော့ ဂိုးသမားအဖြစ် မျိုးမင်းလတ်၊ နောက်တန်း ကစားသမားတွေအဖြစ် ထိုက်ထိုက်အောင် (၃)၊ နန္ဒကျော် (အသင်းခေါင်းဆောင်-၅)၊ နန်းဝေမင်း ၁၄၊ သီဟထက်အောင် (၁၇)၊ အလယ်တန်းမှာတော့ ရန်နိုင်ဦး (၁၅)၊ မျိုးကိုထွန်း (၂၃)၊ ငြိမ်းချမ်းအောင် (၇)၊ မောင်မောင်စိုး (၈) တို့ ဖြစ်ပြီး ရှေ့တန်းမှာတော့ အောင်သူ (၉)၊ မောင်မောင်လွင် (၁၆) တို့ ပါဝင်နေပါတယ်။ အရန်ကစားသမား စာရင်းမှာတော့ နိုင်လင်းထွန်း၊ ရှိုင်းသူရ၊ သန်းပိုင်၊ ချစ်လှအောင်၊ စွမ်းထက်အောင်၊ ထက်လင်းဦး (ဂိုး)၊ ရွှေဝင်းထွန်း၊ ရန်လင်းအောင် တို့ပါဝင်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲရဲ့ အုပ်စု (က) မှာ မြန်မာအသင်းဟာ ထိုင်း၊ အင်ဒိုနီးရှားတို့နဲ့ တအုပ်စုတည်း ကျရောက်ပြီး အုပ်စုပွဲစဉ် ၂ ခုလုံးကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် ကို အုပ်စုပထမအဖြစ် တက်ရောက်ခဲ့တာပါ။ မြန်မာအသင်းဟာ ပထမပွဲစဉ်အဖြစ် ထိုင်းအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အင်ဒိုနီးရှားကို ၃-၀ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အုပ်စု (ခ) မှာ ဂျပန်အသင်းက သြစတြေးလျကို ၄-၃ ဂိုး၊ ဗီယက်နမ်က သြစသြေးလျကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိထားလို့ နှစ်သင်းလုံး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ ဒီနေ့ ဒုတိယပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ ဗီယက်နမ်အသင်းတို့ အုပ်စု ပထမနဲ့ ဒုတိယ လုရမှာဖြစ်ပါတယ်။ ဒီနောက် စက်တင်ဘာ ၁၁ ရက်နေ့ကျရင် အုပ်စု (က) ပထမနဲ့ အုပ်စု (ခ) ဒုတိယ၊ အုပ်စု (ခ) ပထမနဲ့ အုပ်စု (က) ဒုတိယအသင်းတို့ ဆီမီးဖိုင်နယ် ကစားကြမှာဖြစ်ပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ ဖိုင်နယ်ပွဲစဉ်နဲ့ တတိယလုပွဲတွေကို အသီးသီးယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

More News
Up