အီဘိုလာရောဂါ ကုသနိုင်မည့် ဆေးဝါးများ လက်တွေ့အသုံးချနိုင်တော့မည်

အီဘိုလာ ရောဂါကို ကုသနိုင်မယ့် ဆေးဝါးတွေကို ဒီနှစ်ကုန်မှာ လက်တွေ့ အသုံးချနိုင်တော့ မယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့က စက်တင်ဘာလ ၅ ရက်နေ့မှာ ပြောပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ ကျွမ်းကျင်သူတွေ ၂၀၀ နီးပါး တက်ရောက်တဲ့ အစည်းအဝေးအပြီးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာလိုက်တာဖြစ်ပါတယ်။ လောလောဆယ်မှာ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ကြည့်ပြီးတဲ့အခါမှာ အလားအလာ ကောင်းတဲ့ အီဘိုလာ ရောဂါကုသဆေး နှစ်မျိုး ရှိနေပြီး လူနဲ့ စမ်းသပ်တာကို နိုဝင်ဘာမှ လုပ်ဆောင်ပြီးရင် လက်တွေ့ အသုံးပြုနိုင်တော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်ထောက်ညွန်ကြားရေးမှူးချုပ် ဒေါက်တာ မာရေး ပေါ်လီ ကီနီက ပြောပါတယ်။ ebolaနိုဝင်ဘာလမှာ ဆေးအာနိသင်နဲ့ ဘေးကင်မှုကို ရလဒ်တွေကို သိရရင် ဆေးတွေကို ဓာတ်ခွဲခန်းအဆင့်ကနေ လက်တွေ့ကုသရေး နယ်ပယ်အထိ ဖြန့်ဝေနိုင်မယ်လို့ ဆိုပါတယ်။ အီဘိုလာ ရောဂါကြောင့် မတ်လက စလို့ အနောက်အာဖရိက နိုင်ငံတွေမှာ လူပေါင်း ၂၀၉၇ ယောက် သေဆုံးသွားပြီလို့ ကမ္ဘာကျန်းမာရေးအဖွဲ့က ကြေညာထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရွက်စာတမ်းတွေအရ လက်ရှိ အလားအလာ ကောင်းနေတဲ့ ဆေးနှစ်မျိုးက ဂလက်ဆို စမင် ကလိုင်း GlaxoSmithKline ဗြိတိသျှ ဆေးကုမ္ပဏီနဲ့ အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ် အခြေစိုက် နယူးလင့် ဂျနတစ် NewLink Genetics ဆေးသုတေသန ဌာနက ထုတ်လုပ်ထားတဲ့ ဆေးဝါးနှစ်မျိုး ဖြစ်ပါတယ်။ အီဘိုလာရောဂါနဲ့ အတူ တော်တော်များများ သိကြတဲ့ အမေရိကန် ထုတ်  ZMapp ဆေးကိုတော့ အီဘိုလာရောဂါသည် ၇ ယောက်ကို ကုသပေးခဲ့ပြီး အားလုံး သက်သာ ပျောက်ကင်းခဲ့ပါတယ်။ ZMapp ဆေးနဲ့ အီဘိုလာ ရောဂါ ပျောက်ကင်းသွားတဲ့ လူနာတွေထဲမှာ အာဖရိကမှာ အကူအညီပေးရင်း ရောဂါကူးစက်ခံရတဲ့ အမေရိကန်လူမျိုး  နှစ်ယောက်လည်း ပါဝင်ပါတယ်။ ဒါပေမယ့်  အတည်ပြုနိုင်တဲ့ ဆေးအဆင့်ကို မရောက်သေးသလို မဖြန့်ဝေရသေးပါဘူး။ ZMapp ဆေးကို စမ်းသပ်မှုကို အရှိန်မြှင့်ဖို့ အမေရိကန် အစိုးရက အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၃ သန်း ထောက်ပံ့မယ်လို့ ဒီတပတ်မှာပဲ ကြေညာထားပါတယ်။ ဥရောပ သမဂ္ဂ အီးယူကလည်း အနောက် အာဖရိကမှာ အီဘိုလာ ရောဂါကုသဖို့ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ထောက်ပံ့မယ်လို့ သောကြာနေ့မှာ ကြေညာခဲ့ပါတယ်၊

More News
Up