ခါကာဘိုရာဇီတောင်တက်အဖွဲ့နှင့် အဆက်အသွယ်ပြတ်နေ

ဓာတ်ပုံ - ဂူဂဲ
1.1K
ကချင်ပြည်နယ်က ခါကာဘိုရာဇီတောင်ထိပ်ကို တက်ရောက်ခဲ့တဲ့ မြန်မာတောင်တက်အဖွဲ့နဲ့ လတ်တလော အဆက်အသွယ်ပြတ်နေတယ်လို့ ပြန်ကြားရေးတာဝန်ခံ မပပစိုးက ပြောပါတယ်။
မြန်မာ ၈ ယောက်ပါတဲ့ တက္ကသိုလ် ခြေလျင်နဲ့ တောင်တက်အသင်း အဖွဲ့သားတွေဟာ သြဂုတ် ၃၁ ညနေ ၅ နာရီက တောင်ထိပ်ကို ရောက်ရှိသွားခဲ့ကြပြီးနောက် ဒီနေ့အထိ အဆက်အသွယ် ပြတ်နေတာပါ။
[caption id="attachment_60840" align="alignright" width="300"]
ဓာတ်ပုံ - ဂူဂဲ[/caption]
“သူတို့မှာပါတဲ့ ဆက်သွယ်ရေး စက်တွေ က ဘက်ထရီတွေ အလုပ်မလုပ်နိုင်တော့ တာဖြစ်နိုင်ပါတယ်။ အန္တရာယ်ဖြစ်နေ တယ်လို့တော့ မယူဆပါဘူး။ ပြန်ဆင်း တဲ့ခရီးကတော့ အခက်အခဲရှိပါတယ်” လို့ ပြန်ကြားရေး တာဝန်ခံ မပပစိုးက ပြောပါတယ်။
အဖွဲ့မှာ အချင်းချင်းဆက်သွယ်နိုင်တဲ့ စကားပြောစက်တွေအပြင် ဂြိုဟ်တုနဲ့ ချိတ်ဆက်တဲ့ မက်ဆင်ဂျာလို့ခေါ်တဲ့ ဆက်သွယ်ရေးစက်လည်း ပါသွားတာဖြစ်ပါတယ်။
တောင်တက်အဖွဲ့ဟာ တောင်အောက်မှာရှိတဲ့ နောက်ချန်အဖွဲ့နဲ့လည်း အဆက်အသွယ်မရှိဘူးလို့ သူက ပြောပါတယ်။ မနက်ဖြန်မှာတော့ အခုလို အဆက်အသွယ်မရတဲ့အပေါ် အစည်းအဝေး လုပ်မယ်လို့လည်း မပပစိုးက ဆိုပါတယ်။
ကိုအောင်မြင့်မြတ်ဦးဆောင်တဲ့ ခါကာဘိုရာဇီတောင်တက်အဖွဲ့တွေဟာ ဇူလိုင်လ ၃၁ ရက်နေ့က ပူတာအိုကနေ တောင်တက်ခရီးစဉ် စတင်ခဲ့ကြပြီး သြဂုတ် ၃၁ ရက်နေ့မှာ ခါကာဘိုရာဇီတောင်ထိပ်ကို ရောက်ရှိတာဖြစ်ပါတယ်။
ခါကာဘိုရာဇီတောင်ကို ၁၉၉၆ ခုနှစ်က မြန်မာ-ဂျပန်ချစ်ကြည်ရေး ပူးပေါင်းတောင်တက် အဖွဲ့က ဂျပန်လူမျိုး မစ္စတာအိုဇာကီနဲ့ တိဘက်လူမျိုး နမားဂျွန်ဆိုန်တို့ ပထမဦးဆုံးတက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအလံကို စိုက်ထူခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာရှိတဲ့ ခါကာဘိုရာဇီတောင်ဟာ အိန္ဒိယမြေတိုင်းအဖွဲ့က ၁၉၂၄ ခုနှစ် တိုင်းထွာချက်အရ အမြင့်ပေပေါင်း ၁၉၂၉၆ ပေ၊ မီတာနဲ့ဆိုရင် မီတာ ၅၈၈၀ လောက်ရှိပြီး မြန်မာနိုင်ငံမှာသာမက အာဆီယံဒေသတွင်းမှာလည်း အမြင့်ဆုံးတောင် ဖြစ်ပါတယ်။
