Home
မြန်မာသတင်း
ရှမ်းနှင့်ပအိုဝ်း ပြဿ နာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးရန် အစိုးရတိုက်တွန်း
နန်းမြနဒီ
·
September 4, 2014
ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (အက်စ်အက်စ်အေ/အာစီအက်စ်အက်စ်) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို) တို့အကြား ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးကြဖို့ အစိုးရက တိုက်တွန်းလိုက်ပါတယ်။ SSARCSSရှမ်းပြည်နယ် လင်းခေး ခရိုင် မောက်မယ်မြို့ နယ် နောင်ကောင် တီးကျေးရွာ တ၀ိုက်မှာ အစိုးရနဲ့ ပီအန်အယ်လ်အိုတို့ ပူးပေါင်းဆောင်ရွက်နေ တဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက်ကို ရှမ်းပြည် တပ် မတော် တောင်ပိုင်းအဖွဲ့က လာရောက် တိုက်ခိုက်နေတယ်လို့ ပီအန်အယ်လ်အိုဘက်က မီဒီယာတွေကို ပြောကြားထားတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေအချင်းချင်း စားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးဖို့ သမ္မတရုံးဝန်ကြီးဌာန (၄) အတွင်းရေးမှူး ဒုဝန်ကြီး ဦးအောင်သိမ်းက စက်တင်ဘာလ ၃ ရက်နေ့က ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ကို ပေးပို့တဲ့ အကြောင်းကြားစာမှာ တိုက်တွန်းလိုက်တာပါ။ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းငင်းကတော့ ပီအန်အယ်လ်အိုက ဒေသဖွံ့ဖြိုးရေးထက် တပ်စခန်း တည်ဆောက်တာကို အလေးထားလို့ ခွင့်မပြုနိုင်ကြောင်း၊ ၃ ရက်နေ့မနက်က ဖြစ်သွားတဲ့ ပစ် ခတ်မှုမှာ ပီအန်အယ်လ်အိုဘက်က စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး အချင်းချင်း တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေရှာသွားမယ့်အကြောင်း အဲဒီနေ့မှာ ပြန်စာပေးပို့ခဲ့တယ်လို့ ပြောပါတယ်။ “လက်ရှိနယ်မြေဟာ ကျနော်တို့ နယ်မြေဖြစ်တဲ့အတွက် တပ်စခန်းမဆောက်ဖို့ တားမြစ်တာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ရိုးရိုးပြည်သူတွေအတွက်တော့ ဘာမှပြဿ နာမရှိပါဘူး။ ပီအန်အယ်လ်အိုတပ်ဖွဲ့ဝင်တွေ လှုပ်ရှားရာ ပွန်ချောင်းအနောက်ဘက် ဆီဆိုင်ဒေသ၊ ဟိုပုံးဒေသတို့ကို စွန့်ခွာခိုင်းထားတာ ဖြစ်ပါတယ်။ အစိုးရဘက်ကလည်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာကို ပေးထားပြီး ဖြစ်ပါတယ်။” ဒီကိစ္စ ညှိနှိုင်းဆွေးနွေးဖို့အတွက် ရှမ်းပြည်တပ်မတော်ဘက်က ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းထားပြီး ပီအန်အယ်လ်အိုဘက်ကိုလည်း ကြားလူနဲ့အကြာင်းကြားခဲ့ပြီးဖြစ်လို့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးနိုင်ဖို့ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ ပီအန်အယ်လ်အိုဟာ ၂၀၀၇ ခုနှစ်က ရလလဖ လို့ခေါ်တဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ကနေ ခွဲထွက်ပြီးတဲ့နောက် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အတူလာနေခဲ့ပြီး ပွန်ချောင်းအနောက်ဘက်ခြမ်းမှာ လှုပ်ရှားခဲ့ကြောင်း၊ ၇ နှစ်ကျော် အချင်းချင်းကြား ဘာပြဿ နာ မှ မရှိပါဘဲနဲ့ နောင်ကောင်ကြီးဘက်မှာ တပ်စခန်း လာဆောက်မှ ခုလိုပြဿ နာ ဖြစ်ရတာလို့ ရှမ်းပြည်တ ပ်မတော်တောင်ပိုင်းက ဆိုပါတယ်။ ပီအန်အယ်လ်အိုအဖွဲ့ဝင် ၃ ဦးကို ရှမ်းပြည်တပ်မတော်က ဖမ်းထားတယ်ဆိုတဲ့ သတင်းဟာလည်း မဟုတ်မှန်ကြောင်း၊ သူတို့သဘောနဲ့ သူတို့ ရောက်ရှိလာတာဖြစ်ပြီး ဌာနချုပ် မှာ ကောင်းမွန်စွာ ရှိနေကြောင်းနဲ့ သူတို့ပြန်လိုက ပြန်နိုင်တယ်လို့ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။ ပီအန်အယ်လ်အိုဟာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ အပစ်ခတ်ရပ်ဆွေးနွေးပြီးတဲ့နောက် အစိုးရက သူတို့ကို ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ ထိန်းချုပ်နယ်မြေ ကတူးကြီးဒေသမှာ သွားရောက်နေရာချထားပေးခဲ့ရာက အဖွဲ့ ၂ ခုကြား နယ်မြေကိစ္စ မပြေမလည်ဖြစ်ခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့မနက်ပိုင်းက အဲဒီဒေသမှာ နှစ် ဘက်တပ်အကြား ပစ်ခတ်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024