အီဘိုလာ ရောဂါမဟုတ်သဖြင့် သံသယလူနာ ဆေးရုံက ဆင်းနိုင်တော့မည်
DVB
·
September 2, 2014
ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်သံသယနဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ဆေးကု သမှု ခံယူနေရတဲ့ လူနာ ဦးဇင်မင်းဦးမှာ အီဘိုလာရောဂါ မရှိကြောင်း ဓာတ်ခွဲခန်း အဖြေထွက်လာပြီး မကြာခင် ဆေးရုံက ဆင်းနိုင်တော့မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီဗွီဘီကို ပြောပါတယ်။
အီဘိုလာ သံသယလူနာ ရဲ့ သွေးနမူနာကို စစ်ဆေးဖို့ သြဂုတ် ၂၉ ရက်နေ့က ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့က ဓာတ်ခွဲခန်းကို ပို့ဆောင်ခဲ့ပြီး ဒီနေ့မနက်မှာတော့ ဓာတ်ခွဲခန်းက အီဘိုလာ မဟုတ်ကြောင်း ရောဂါစစ်ဆေးတွေ့ရှိချက် အဖြေထုတ်ပေးခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ရောဂါကာကွယ် နှိမ်နင်းရေးဌာန ဒုညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါတယ်။
အီဘိုလာသံသယရှိသူလို့ သတ်မှတ်ခံရတဲ့ ဦးဇင်မင်းဦးနဲ့ စောင့်ကြည့်ခံနေရတဲ့ တခြားသူ ၄ ဦးတို့အနေနဲ့ ကျန်ရှိနေသေးတဲ့ ကျန်းမာရေးစစ်ဆေးစရာတွေပြီးသွားရင် နောက်ထပ် ၅ ရက်အတွင်း ဆေးရုံက ဆင်းရနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။
ကျန်မာရေးဝန်ကြီးဌာနက သံသယလူနာရဲ့ သွေးနမူနာကို မူလက အိန္ဒိယနိုင်ငံ ဓာတ်ခွဲခန်းကို ပို့ဖို့ စီစဉ်ခဲ့ပေမယ့် လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းမရဘဲ ကြန့်ကြာခဲ့ရတာပါ။
အိန္ဒိယ၊ အမေရိကန်နဲ့ ဂျာမနီစသဖြင့် ရွေးချယ်ထားရာမှာ လေကြောင်းလိုင်း၊ စစ်ဆေးချက်ဖြေရဖို့ ကြာနိုင်တဲ့အချိန်စသဖြင့် အဖက်ဖက်က တွက်ချက်ပြီး အဆင်ပြေတဲ့ ဂျာမနီနိုင်ငံကို ဒဗလျူအိပ်ခ်ျအိုက ရွေးပေးလိုက်တာဖြစ်ပြီး အိန္ဒိယကို မပို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် အီဘိုလာသံသယရှိသူကို တွေ့ရှိပြီး ကုသရေးနဲ့ ကာကွယ်ရေးပိုင်းတွေ လုပ်ဆောင်ခဲ့ရတဲ့အတွက် အတွေ့အကြုံ အတော်များများရရှိခဲ့တယ်လို့ ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါတယ်။
သံသယ လူနာ ဦးဇင်မင်းဦးဟာ ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေတဲ့ အာဖရိကအနောက်ပိုင်းက ဂီနီနဲ့ လိုင်ဘေးရီးယားနိုင်ငံတွေမှာ ၁၃ လခန့် အလုပ်လုပ်ခဲ့ပြီး သြဂုတ် ၁၉ ရက်နေ့က မြန်မာနိုင်ငံကို ပြန်အရောက် ရန်ကုန်လေဆိပ်မှာ ကိုယ်အပူချိန် မြင့်တက်ခြင်းနဲ့ ကိုယ်လက် နုံးချည့်ခြင်း စတဲ့ရောဂါတွေ စစ်ဆေးတွေ့ရှိရတဲ့အတွက် အီဘိုလာ သံသယနဲ့ ဝေဘာဂီဆေးရုံကို ပို့ဆောင်ကျန်းမာရေးစောင့်ရှောက်ခံနေရတာဖြစ်ပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်