Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိဟု ဗဟိုသန်းခေါင်စာရင်း ကော်မတီထုတ်ပြန်
DVB
·
August 30, 2014
ကနဦးအဆင့် ရရှိထားတဲ့ ရှေ့ပြေး လူဦးရေစာရင်းအရ မြန်မာနိုင်ငံ နယ်နမိတ်အတွင်း ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်းယံအချိန်မှာ ရှိနေကြတဲ့ (ပြည်ပရှိ မြန်မာသံရုံးများက ဝန်ထမ်းတွေ အပါအဝင်) မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁,၄၁၉,၄၂၀ ရှိတယ်လို့ ဗဟိုသန်းခေါင်းစာရင်း ကော်မတီက သြဂုတ်လ ၂၉ ရက်နေ့က အသိပေးကြေညာ လိုက်တာပါ။ အရင်က အစိုးရဌာနတွေ အပါအ၀င် မီဒီယာတွေမှာ လူဦးရေ သန်း ၆၀ လို့ ခန့်မှန်း ပြောဆိုကြပေမယ့် ကနဦး လူဦးရေစာရင်းအရ ၅၁ သန်းကျော်ပဲ ရှိနေတာ ဖြစ်ပါတယ်။ Census2014ပင်မသန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်တွေ မထုတ်ပြန်မီ နိုင်ငံတော်ရဲ့ စီမံကိန်းတွေနဲ့ မူဝါဒတွေ ချမှတ်ရာမှာ အထိုက်အလျောက် အထောက်အကူ ပြုနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ရှေ့ပြေးလူဦးရေ စာရင်းကို ထုတ်ပြန်ရတာလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်အဆင့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတာနဲ့ ပတ်သက်လို့ စာရင်းဇယား ပြုစုခြင်း (Data Processing) လုပ်ငန်းကို ဆက်လက် ဆောင်ရွက်နေကြပါတယ်။ သန်ခေါင်စာရင်းနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်းနဲ့ စာရင်းထုတ်ပြန်ခြင်း ဆိုပြီး အဆင့် ၄ ဆင့် သတ်မှတ်ပြီး လုပ်ဆောင်နေတာ ဖြစ်ပြီး အခု တတိယအဆင့်ကို ဆက်လက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒီ တတိယအဆင့်ဖြစ်တဲ့ စာရင်းဇယားပြုစုခြင်း လုပ်ငန်းစဉ်မှာ တနိုင်ငံလုံးက ကောက်ယူရရှိတဲ့ အိမ်ထောင်စုတစုခြင်းစီရဲ့ မေးခွန်းပုံစံ အချက်အလက်တွေကို အသေးစိတ် စစ်ဆေးတာ၊ ပုံရိပ်ဖတ်စက်မှာ အသင့်အသုံးပြုနိုင်ဖို့ ပြင်ဆင်တာ၊ ကွန်ပျူတာစနစ်အတွင်း မှတ်တမ်းတင်တာ၊ ပုံရိပ်ဖတ်တာနဲ့ အမှားပြင်ဆင်တာ စတဲ့ လုပ်ငန်း အဆင့်ဆင့်ကို အချိန်ယူ ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် ပင်မသန်းခေါင်စာရင်း အချက်အလက်တွေကို ၂၀၁၅ ခုနှစ်၊ မေလလောက်မှာ ထုတ်ပြန်နိုင်ဖို့လည်း ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024