Home
မြန်မာသတင်း
ယာဘ ၁ သန်းခွဲ ထိုင်းတွင်ဖမ်းမိမှု မြန်မာနှင့်ဆက်စပ်ဟု ထိုင်းရဲပြော
နန်းမြနဒီ
·
August 25, 2014
မူးယစ်ဆေးဝါးနာမည်ပျက်စာရင်းဝင်  ဗိုလ်မှူးကြီး ယီဆေးနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ ယာဘမြင်းဆေး ၁ သန်းခွဲကျော်နဲ့ လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။ [caption id="attachment_63331" align="alignleft" width="300"]ဓာတ်ပုံ - manager.co.th ဓာတ်ပုံ - manager.co.th[/caption] ထိုင်း-မြန်မာနယ်စပ် ကနေ ၀င်လာတဲ့ အဲဒီမူးယစ်ဆေးတွေကို ထိုင်းနိုင်ငံ အလယ်ပိုင်း အယုဒ္ဓယမြို့နယ် ဘန်းကျတ် ဓာတ်ဆီဆိုင်တခုမှာ ရပ်နားစဉ် ဖမ်းဆီးရမိခဲ့တာလို့ ဒုရဲချုပ် ဆုမ်ယုဒ်ဖုမ့်ဖန်း မုန့်က ပြောကြား တာကို ကိုးကားပြီး  ထိုင်းအမ်စီအိုတီသတင်းဌာနမှာ ဖော်ပြပါတယ်။ သြဂုတ် ၂၄ ရက် မနက်က ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကားပေါ်မှာ ထိုင်းနိုင်ငံသား ၃ ဦးဆီကနေ ကာလတန်ဖိုး အနည်းဆုံး ဘတ်သန်းပေါင်း ၃၀၀ ရှိ ယာဘအလုံးရေ ၁,၆၄၆,၀၀၀ သန်း နဲ့ ၉ မမ သေနတ်တလက်၊ ကျည်ဆန် ၉ တောင့်တို့နဲ့အတူ စစ်ဆေးဖော်ထုတ်ရမိတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နောင်ခိုင်ခရိုင်ခွဲ ဘိန်းကန်ဘက်ကနေ ၀င်လာတဲ့ တိုယိုတာခမရီ ကားတစီးပေါ်မှာ မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတယ်ဆိုတာ သြဂုတ် ၂၁ ရက်နေ့ ညကတည်းက သိပေမယ့် သယ်ဆောင်တဲ့လမ်းကြောင်း သိရဖို့ သြဂုတ် ၂၂ ရက်နေ့ မွန်းလွဲကျမှ ဖမ်းဆီးခဲ့တာလို့ ဒုရဲချုပ်က ဆက်ပြောပါတယ်။ ထိုင်းဒုရဲချုပ်ကတော့ “အဲဒီယာဘတွေမှာ 999 PAD တံဆိပ်ပါရှိကြောင်း၊ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ချိုင်းပကန်းမြို့နယ်  ဒုရဲမှူးး ချမ်းနမ်း ဖုမ့်ဖိုင်းကျစ်ဆီကနေ ဖမ်းမိတဲ့ မြင်းဆေး အလုံးရေ ၈ သိန်းနဲ့ နံပါတ်တူညီနေတဲ့အတွက် အနွယ်တခုတည်းဖြစ်နိုင်ပြီး ထိုင်းဘက်က မူးယစ်မှုနဲ့ ဆုငွေထုတ်ထားတဲ့ ဗိုလ်မှူးကြီးယီ့ဆေးနဲ့ ဆက်နွှယ်တယ်လို့ ယူဆကြောင်း” ပြောပါတယ်။ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ နာမည်ပျက်စာရင်းဝင်သူ ဗိုလ်မှူးကြီးယီဆေးဟာ မြန်မာနိုင်ငံဘက်ခြမ်းက လားဟူးပြည်သူ့စစ်ခေါင်းဆောင်လို့ လူသိများပြီး သူ့ကို ဖမ်းဆီးရမိရင် ထိုင်းဘတ်ငွေ ၅ သန်းပေးမယ်လို့ ဆုငွေထုတ်ခံထားရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအနွယ်အုပ်စုထဲမှာ ယာဘမြင်းဆေးအလုံးရေ  စုစုပေါင်း ၃ သန်းခွဲ ရှိတယ်လို့ စုံစမ်းသိရှိထားပြီး အားလုံးကို ဖမ်းမိဖို့ ကွင်းဆက်တွေ ရှာဖွေနေတယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ အလားတူ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်က စစ်ဆေးရေးဂိတ်တခု မှာလည်း နယ်စပ်ဘက်ကလာတဲ့ ကား ၂ စီးပေါ်ကနေ ယာဘမြင်းဆေး အလုံးရေ ၄ သိန်းကို သြဂုတ်လ ၂၄ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ အမှတ် ၅ ခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူး ချမ်းနမ်းလုတ်လျိုးက သတင်းထောက်တွေကို ပြောပါတယ်။ ဒုရဲမှူး ချမ်းနမ်းလုတ်လျိုးကလည်း အဲဒီ မူးယစ်ဆေးတွေဟာ ဗိုလ်မှူးယီ့ဆေးရဲ့ အဆက်အနွယ်က လာတာ ဖြစ်တယ်လို့ ပြောဆိုခဲ့သလို နယ်စပ်ကနေတဆင့် ချင်းမိုင်နဲ့  ထိုင်းနိုင်ငံအလယ်ပိုင်းကို ဆက်လက်ဖြန့်ဖြူးဖို့ဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံသား ၂ ဦးကို ဖမ်းဆီးထားကာ သူတို့ကလည်း ဘတ်ငွေ ၂ သိန်းနဲ့ အငှား သယ်ဆောင်ပေးခဲ့ကြောင်း ၀န်ခံခဲ့တယ်လို့ ဒုရဲမှူးက ပြောပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမြောက်ပိုင်း နခွမ်းဆ၀မ်မြို့နယ် စစ်ဆေးရေးဂိတ်မှာ သြဂုတ် ၂၄ ရက်နေ့က နယ်စပ် မယ်ဆိုင်ဘက်က မောင်းနှင်လာတဲ့ တိုယိုတာကားတစီးပေါ်ကနေ  မြင်းဆေး အလုံးရေ ၄ သိန်း နဲ့ အိုက်စ်ရေခဲဆေး ၂ ကီလိုဂရမ်ကို ဖမ်းမိတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကားမောင်းသူ  ၁၀ နှစ် နေထိုင်ခွင့်ရ ကတ်ပြား ကိုင်ဆောင်သူ အမျိုးသမီး ၁ ဦးကို ဖမ်းဆီး အရေးယူထားတယ်လို့ တာဝန်ကျရဲအရာရှိရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းက လားဟူးပြည်သူ့စစ်ခေါင်းဆောင် ယီဆေးအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကာယကံရှင် ယီဆေးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အဆင်မပြေပါဘူး။ တာချီလိတ်ခရိုင် မူးယစ်အထူးအဖွဲ့က တာဝန်ရှိအရာရှိတဦးကတော့ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေအနေနဲ့သက်သေအထောက်အထား ပြသနိုင်ခြင်း မရှိဘဲ ဗိုလ်မှူုးကြီး ယီဆေးကို ကြိမ်ဖန်များစွာ စွပ်စွဲလေ့ရှိကြောင်းနဲ့ အသေးစိတ်ဖြေကြားရန် မရှိကြောင်း ပြောပါတယ်။ ထိုင်းရဲဘက်က အကြိမ်ကြိမ် စွပ်စွဲပေမယ့် လားဟူပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး ယီဆေးကတော့ တုံ့ပြန် ဖြေရှင်းတာ မရှိသလို မြန်မာအုပ်ချုပ်ရေးပိုင်းကလည်း ထိထိ ရောက်ရောက် ကိုင်တွယ်ဆောင်ရွက်တာ မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024