လူမည်းအမျိုးသားသေဆုံးမှု ပြည်သူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးဆောင်ဆန္ဒပြ

အမေရိကန် ပြည်ထောင်စု နယူယော့ခ်မြို့မှာ ရဲက ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့လို့ လူမည်း အမျိုးသားတယောက် သေဆုံးခဲ့တာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ထင်ရှားတဲ့ ပြည်သူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဘက်ပတစ် ဘုန်းတော်ကြီး အယ် ရှပ်တွန်က ခေါင်းဆောင်ပြီး သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်ပါတယ်။ Al Sharptonအရင်လက ကလေး ၆ ယောက်ရဲ့ဖခင် လူမည်းအမျိုးသား အဲရစ် ဂန်နာကို ရဲက လည်မျိုကို ချုပ်ထားလို့ သေဆုံးခဲ့တဲ့ ကိစ္စကို မကျေနပ်တဲ့အတွက် ဘက်ပတစ် ဘုန်းတော်ကြီး အယ် ရှပ်တွန်က ခေါင်းဆောင်ပြီး ဆန္ဒပြတာပါ။ “လောအိန်ဂျလီမှာ အမျိုးသမီးတယောက် ထိုးကြိတ်ခံရတယ်။ နယူးယောခ်မှာ အဲရစ် လည်မျို ညှစ်ခံရတယ်။ စိန့်လူဝစ်မှာ မိုက်ကယ်ဘရောင်း သေနတ်နဲ့ပစ်သတ်ခံရတယ်။ ဒီအဖြစ်အပျက်တွေက ၃ ပတ်အတွင်းမှာ ဖြစ်ခဲ့တာပါ၊ ဒါကြောင့် ဒီကိစ္စကို ကိုင်တွယ်ဖို့ လိုတယ်”လို့ ရှပ်တွန်က ဆန္ဒပြပွဲအကြို မိန့်ခွန်းမှာ ပြောပါတယ်။ သမ္မတ အိုဘားမားကလည်း ပြည်နယ်တွေဆီကို စစ်လက်နက်တွေ ဖြန့်ဖြူးတဲ့ ကိစ္စနဲ့ နယ်ဘက် ရဲတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးတဲ့ ကိစ္စကို ပြန်လည် သုံးသပ်ဖို့ အမိန့်ပေးထားပါတယ်။ လူမည်ဆယ်ကျော်သက်ကို လူဖြူရဲက သတ်ဖြတ်ခဲ့တဲ့ အမှုနဲ့ပတ်သက်လို့ မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့ ဆင်ခြေမှာလည်း ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ တင်းမာမှုတွေ လျှော့ကျသွားခဲ့ပေမယ့် မိုက်ကယ်ဘရောင်း ဈာပနမှာ အခြေအနေတွေ ထိန်းမရ ဖြစ်နိုင်တာကိုလည်း ရဲအဖွဲ့က တွက်ဆထားပါတယ်။ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ မိုက်ကယ် ဘရောင်းရဲ့ ဈာပန အခမ်းအနားရှိပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာတော့ ရဲက လူတချို့ကို ဖမ်းဆီးခဲ့ပါတယ်။ ဖာဂူဆန်မြို့ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြပွဲတွေ စပေါ်ပေါက်တဲ့ ရက်တွေက လူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးတာနဲ့ ကြမ်းကြမ်းတမ်းတမ်းနည်းတွေကို သုံးပြီး လူစုခွဲတဲ့အတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ဒီရက်ပိုင်းတွေအတွင်း အခြေအနေတွေ တိုးတက်လာတာကို အားတက်တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ ဖာဂူဆန်မြို့က အခြေအနေကိုလည်း သမ္မတ အိုဘားမားဆီကို ပုံမှန် အစီရင်ခံနေတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up