စိတ်ကြွမူးယစ်ဆေးဝါး ကျပ် ၁၇ ဘီလီယံဖိုးခန့် ရေတပ်က ဖမ်းမိ
DVB
·
August 22, 2014
ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက် ညနေပိုင်းက တနင်္သာရီတိုင်း ကော့သောင်းမြို့ အနောက်မြောက်ဘက် မိုင် ၁၈၀ ကျော်အကွာမှာ ထိုင်းနိုင်ငံဘက် ထွက်မယ့် စက်လှေတစီးပေါ်ကနေ ကာလတန်ဖိုး ကျပ်ငွေ ၁၇ ဘီလီယံနီးပါး တန်ဖိုးရှိမယ့် စိတ်ကြွ မူးယစ်ဆေးပြား ၂ သန်း ၄ သိန်းနီးပါး ရေတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီ သတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီဖမ်းဆီးမှုဟာ အခုနှစ်အတွင်း တန်ဖိုးအများဆုံး စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုလည်း ဖြစ်ပါတယ်။ လှေပေါ်မှာ မူးယစ်ဆေးဝါးတွေနဲ့ အတူ ယင်းတိုက်နဲ့ ပိတောက်သား တန် ၇၀ ကျော် တင်ဆောင်လာတဲ့ သစ်ခိုးလှေတစင်း ဖြစ်တယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ရင် ထိုင်းနယ်စပ်နဲ့ ရှမ်းပြည်ဘက်တွေမှာ ဖမ်းဆီးရမိမှု များပြီး ပင်လယ်ပြင်မှာ ရေတပ်က ဖမ်းဆီးမိတယ်ဆိုပြီး သတင်းထုတ်ပြန်တာကတော့ အခုနှစ်အတွင်း ဒါ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။