ငွေကြေးခ၀ါချမှုနာမည်ဆိုးက လွတ်အောင် လုပ်မည်
DVB
·
August 22, 2014
၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ငွေကြေးခ၀ါချမှု ပြုလုပ်နေတဲ့ နာမည်ဆိုးစာရင်းကနေ ပယ်ဖျက်နိုင်အောင် ကြိုးစားနေကြောင်း ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးအဖွဲ့ (Finance Intelligence Unit) က ဒုရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောပါတယ်။
သြဂုတ် ၂၁ နဲ့ ၂၂ ရက်နေ့တွေက မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ရုံးခန်းမမှာ ကျင်းပတဲ့ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ စပ်လျဉ်းတဲ့ ဆွေးနွေးပွဲမှာ သူက ခုလို ပြောလိုက်တာပါ။
အရင်အစိုးရနဲ့ အခု အစိုးရက ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး လုပ်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်အတွင်း ငွေကြေးခ၀ါချမှု အမှုတွဲ ၇၀ လောက်ကနေ ကျပ် ဘီလီယံ၂၀ လောက် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းထားပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိမှာလည်း ငွေကြေးခ၀ါချမှု လုပ်နေတယ်လို့ နိုင်ငံတကာက စွပ်စွဲထားသူတွေကို စုံစမ်းစစ်ဆေးမှုတွေ စ လုပ်နေပြီလို့ ဒုရဲမှူးကြီးကျော်ဝင်းသိန်းက ပြောပါတယ်။