Home
မြန်မာသတင်း
အဆင်းရဲဆုံးနိုင်ငံဘ၀က လွတ်မြောက်ရေး ၀ိုင်းကြိုးပမ်းရန် သမ္မတ တိုက်တွန်း
DVB
·
August 22, 2014
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး (အယ်လ်ဒီစီ) စာရင်းဝင်နိုင်ငံ အဖြစ်ကနေ လွတ်မြောက်အောင် ၀ိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၄ လပတ် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းနဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေကို သမ္မတက ခုလို တိုက်တွန်း ပြောကြားသွားတာပါ။ U Thein Sein 15082014(1အစိုးရတာဝန်ယူစကတည်းက မြန်မာနိုင်ငံဟာ အယ်လ်ဒီစီနိုင်ငံအဖြစ်ကနေ ရုန်းထွက်ဖို့ ကြိုးစားမယ်လို့ ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ ကမ္ဘာမှာ အယ်လ်ဒီစီနိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံပေါင်း ၄၉ နိုင်ငံမှာ အာဆီယံမှာ မြန်မာအပါအ၀င် လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံသာ ရှိနေတဲ့အတွက် ဒီစာရင်းက လွတ်မြောက်ဖို့ ညွှန်းကိန်း ၃ ရပ်အနက် ညွှန်းကိန်း ၂ ရပ်နဲ့ ပြည့်စုံဖို့လိုတဲ့အတွက် လက်ရှိအနေအထားမှာ အခွင့်အလမ်းတွေ ရှိနေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ မြန်မာက လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေထက် သဘာဝအရင်းအမြစ်တွေ ပိုမို ကြွယ်ဝပေမယ့် ဖွံ့ဖြိုးမှုအနှေးဆုံးနိုင်ငံတွေ စာရင်းမှာ ဘာကြောင့်ရှိနေရလဲဆိုတာကို စီးပွားရေးမူဝါဒရေးရာ လေ့လာသူ ဒေါက်တာအောင်ကိုကိုက အခုလိုပြောပါတယ်။ “၄ နိုင်ငံထဲမှာ လူတဦးချင်းဝင်ငွေနဲ့ ပြောရင် မြန်မာက အောက်ဆုံးမှာ ရှိတယ်။ မြန်မာပြည်မှာ သယံဇာတတွေလည်း ရှိတယ်။ ရေမြေတောတောင် သဘာဝ အဲဒါမျိုးတွေလည်း ရှိတယ်။ လာအိုဆိုရင် ကုန်းတွင်းပိတ်နိုင်ငံ ဒါမျိုး မရှိဘူး။ အဲဒီလိုနိုင်ငံတွေထက် ကျနော်တို့က ဘာလို့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရတာလဲ၊ အမြင်အပိုင်းလည်း အားနည်းခဲ့သလို အကောင်အထည်ဖော်တဲ့အပိုင်းမှာ ဘာတွေလုပ်မယ် ဆိုပြီးပြောဆိုပေမယ့် တကယ်လက်တွေ့ ကျတော့ လုပ်ဆောင်တဲ့ အပိုင်းမှာလည်း အားနည်းခဲ့တယ်။” ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဒေါက်တာမောင်မောင်စိုးကတော့ ဒီစာရင်းထဲမှာ ဘာကြောင့်ပါဝင်နေရလဲဆိုတာ အရင်စဉ်းစားဖို့ လိုတယ်လို့ ပြောပါတယ်။ “ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး (အယ်လ်ဒီစီ) စာရင်းဝင်နိုင်ငံက လွတ်ချင်တာတော့ ကောင်းပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် ဘာလို့ လွတ်မသွားခဲ့တာလည်း ပြန်သုံးသပ်ပေါ့။ ပြန်သုံးနိုင်ရင် ပိုကောင်းတာပေါ့။ အခုဟာက ပြန်မသုံးသပ်ပဲ လွတ်အောင်ပဲ ကြိုးစားမယ်ဆိုတာမျိုး မရဘူး။ ဒါမျိုးဆိုတာ နောက်ကြောင်းမပြန်လို့ မရဘူး။ အဲဒီကိစ္စမျိုးက နောက်ကြောင်းပြန်ရတယ်။ အဲဒီဥစ္စာတွေကို ပြန်ပြီးပြင်နိုင်ရင် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး (အယ်လ်ဒီစီ) စာရင်းကနေ ရုန်းထွက်နိုင်မယ်။” နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်က အစိုးရအနေနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းကနေ မြန်မာ ရုန်းထွက်ဖို့ အစီအစဉ် ရှိတယ်ဆိုတာကို ထုတ်ဖော်လိုက်တာလို့ မြင်ကြောင်း သုံးသပ်ပြောပါတယ်။ “ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး (အယ်လ်ဒီစီ) စာရင်းဝင်နိုင်ငံကနေ ထွက်ဖို့ အစီအစဉ်ရှိတယ်ဆိုတာကို ကြေညာဖို့က အရေးကြီးတယ်။ ပြီးတော့မှ ဒါကို အသေးစိတ်ပြန်လုပ်ဖို့က ဖြစ်စဉ်က ရှိသေးတယ်လေ။ ၁၉၈၇ ခုနှစ် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး (အယ်လ်ဒီစီ) စာရင်းဝင်နိုင်ငံဝင်အဖြစ် ပါသွားတယ်။ ၂၀၁၅ မှာ ကိုယ့်နိုင်ငံကို မြှင့်တင်ဖို့ ရှိရင် လိုအပ်တဲ့ ကိန်းဂဏန်းတွေ ပြန်ကြည့်ရမယ်။” မြန်မာနိုင်ငံဟာ အယ်လ်ဒီစီနိုင်ငံအဖြစ် အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မဆလ အစိုးရလက်ထက် ၁၉၈၇ ခုနှစ်ကတည်းက စတင်ခံယူခဲ့တာ ခုဆိုရင် ၂၇ နှစ် ကြာခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့အဆင်းရဲ့ဆုံးနိုင်ငံအဖြစ်ကနေ ရုန်းထွက်ဖို့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ တဦးချင်းအမျိုးသား အသားတင် ဝင်ငွေ (ဂျီအန်အိုင်) ဟာ အမေရိကန် ဒေါ်လာ ၁,၁၉ဝ ကျော်လွန်ဖို့ လိုအပ်တာ ဖြစ်ပြီး၊ လူသားအရင်းအမြစ် စံနှုန်းသတ်မှတ်ချက် (အိပ်ခ်ျအေအိုင်) နဲ့ စီးပွားရေးထိခိုက်လွယ်မှု ‘စံ’ သတ်မှတ်ချက်(အီးဗွီအိုင်) ဒီအညွှန်းကိန်း ၃ ခုကို ပြည့်စုံဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024