မြန်မာဟာ စိတ်ကြွဆေးထုတ်သည့် အဓိက နိုင်ငံဖြစ်နေဟု ကုလပြော
DVB
·
August 20, 2014
မြန်မာနိုင်ငံဟာ မက်တာဖက်တမင်းနဲ့ အိုင်းစ်လို့ခေါ်တဲ့ စိတ်ကြွရူးသွတ်ဆေးပြားတွေ ထုတ်လုပ်တဲ့ အဓိက ပင်ရင်းနိုင်ငံဖြစ်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ဆိုင်ရာရုံး (ယူအန်အိုဒီစီ) က ကြေညာလိုက်ပါတယ်။
ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ဒီကနေရစတင်ကျင်းပတဲ့ အရှေ့နဲ့ အရှေ့တောင် အာရှဒေသ မူးယစ်ဆေးဝါးတားဆီးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနဲ့ စပ်လျဉ်းပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ခုလိုဖော်ပြထားတာပါ။
အိမ်နီးချင်းနိုင်ငံတွေမှာ မူးယစ်ဆေးဝါးပမာဏ အမြောက်အမြား ဖမ်းဆီးရမိခဲ့တာနဲ့အတူ မြန်မာနိုင်ငံကလည်း မက်တာဖက်တမင်းနဲ့ အိုင်းစ်လို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေ ထုတ်လုပ်မှုမှာ အဓိက အရင်းအမြစ်တခုဖြစ်နေတယ်၊။ တချိန်ထဲမှာလိုပဲ မြန်မာနိုင်ငံတ၀န်းမှာ မက်တာဖက်တမင်း စိတ်ကြွဆေးပြား သုံးစွဲမှု မြင့်မားလာတာကို အစိုးရအရာရှိတွေကလည်း အသိအမှတ်ပြုလာတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။
ဒီသုံးသပ်ချက်ဟာ ဖမ်းဆီးရမိမှု များလာရင် ထုတ်လုပ်မှု မြင့်တက်လာသလို တားဆီးမှု အောင်မြင်တယ်ဆိုတဲ့ အခြေခံကို မူတည်ပြီး သုံးသပ်ထားတာ ဖြစ်တဲ့ အတွက် နည်းပညာအရ မငြင်းလိုပေမယ့် သုံးသပ်သူရဲ့ အမြင်က မတူညီတဲ့အကြောင်း မူးယစ်ဆေးဝါးတား ဆီးနှိမ်နှင်းရေး စီမံကိန်း ဌာနမှူး ရဲမှူးကြီး ဦးဇော်လင်းထွန်းက ပြောပါတယ်။
“သုံးစွဲမှုနှုန်းမြင့်တက်လာတာနဲ့ ပတ်သက်လို့ ကျနော်တို့မှာ သုံးစွဲမှု ဘယ်လောက်ရှိသလဲ မရှိဘူးလဲဆိုတဲ့ အချက်အလက် ဆန်းစစ်ချက် စနစ် မရှိသေးဘူးပေါ့နော်။ သုံးစွဲမှုနှုန်း မြင့်လာတယ်လို့ ပြောတဲ့ အင်တာဗျူးတွေရဲ့ အမြင်ပေါ်မှာ အခြေခံပြီး မြင့်လာတယ်လို့ ပြောတာပါ။ ဒီအပေါ်မှာလည်း ဘာမှ comment မပေးလိုပါဘူး။ အခုခေတ် အစီရင်ခံစာတွေသည် ကျနော်တို့အတွက် အထောက်အကူ ဖြစ်စေတဲ့ တခုပါ။ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစီအစဉ်တွေ ရေးဆွဲတဲ့အခါမှာ အခု အစီရင်ခံစာတွေ အချက်အလက်တွေက လည်း ကျနော်တို့အတွက် အသုံးပြုလို့ရတဲ့ အချက်အလက်တွေ ဖြစ်လာပါလိမ့်မယ်။”
မူးယစ်ဆေးဝါးနိုင်နင်းဖို့ အတွက် မြန်မာနိုင်ငံက လူထုအခြေပြုအဖွဲ့အစည်းတွေ ပြည်သူလူထု တရပ်လုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုတယ်လို့လည်း သူက ပြောပါတယ်။
ကျင်းပနေတဲ့ ညီလာခံကို နိုင်ငံ ၁၄ နိုင်ငံက ကိုယ်စားလှယ် ၄၄ ဦးတက်ရောက်ခဲ့သလို မက်တာဖက်တမင်း ၀ယ်လိုအားနဲ့ ရောင်းအား မြင့်မားလာမှုကိုလည်း အတည်ပြုခဲ့ပါတယ်။ ဒါအပြင် အသစ်ပေါ်နေတဲ့ psychoactive substances (NPS) မူးယစ်ဆေးဝါးအကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ယူအန်အိုဒီစီကတော့အရှေ့နဲ့ အရှေ့တောင်အာရှက မက်တာဖက်တမင်းနဲ့ လူလုပ် မူးယစ်ဆေးဝါး ဈေးကွက်အတွက် အကြီးဆုံးဈေးကွက် ဖြစ်နေသလို ပိုပြီးအရှိန်အဟုန်ကောင်း လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စိတ်ကြွရူးသွပ်ဆေးအတွက် အရှေ့နဲ့ အရှေ့တောင်အာရှမှာ မြင့်မားတဲ့ဈေးကွက် ၀ယ်လိုအားကို တရုတ်၊ မြန်မာနဲ့ တခြားတိုင်းပြည်တွေရဲ့ ထုတ်လုပ်မှုတွေက လိုအပ်ချက်ကို ပြည့်မီစေတယ်လို့ လည်း ဆိုပါတယ်။
အရှေ့နဲ့ တောင်အာရှမှာ ထုတ်လုပ်တဲ့ မက်တာဖက်တမင်းကို ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်တို့ကို တင်ပို့သလို ဒေသတွင်းမှာလည်း သုံးစွဲနေတဲ့အကြောင်း နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေကလည်း ထုတ်လုပ်မှုနည်းလမ်းနဲ့ မှောင်ခိုကူးမယ့် လမ်းကြောင်း သစ်တွေကို ရှာဖွေဖော်ထုတ်နေသလို လူငယ်တွေကို ဦးတည်ပြီး ဈေးကွက်ကို ချဲ့ထွင်နေတယ်လို့လည်း ကုလသမဂကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေသတွင်းနိုင်ငံ ၁၄ခုက တက်ရောက်ဆွေးနွေးနေတဲ့ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး ဆိုင်ရာ ဆွေးနွေးပွဲကိုတော့ သြဂုတ်လ ၂၀ ရက်ကနေ ၂၁ ရက်ထိ ၂ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုပုံစံတွေ သယ်ယူပို့ဆောင်မှု လမ်းကြောင်းတွေကို သတင်းဖလှယ်ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။