Home
မြန်မာသတင်း
၈ တန်းအောင်သူများကို မူလတန်းပြဆရာအဖြစ် ခန့်ရန် ရခိုင်လွှတ်တော်တွင် အဆိုပြု
နန်းမြနဒီ
·
August 20, 2014
ရခိုင်ပြည်နယ်ထဲက စာသင်ကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာမမျှဖြစ်နေတဲ့ ပြဿ နာကို ဖြေရှင်းဖို့ အခြေခံပညာ အလယ်တန်းဆင့်အောင်သူတွေကို မူလတန်းပြခန့်ထားရေး ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဝေးလံခေါင်ဖျားဒေသမှာ စာတတ်မြောက်မှုနှုန်း မြင့်မားရေးနဲ့ ကျောင်းသားနဲ့ ဆရာဦးရေ မမျှတဲ့ အခက်အခဲကို ဖြေရှင်းဖို့ ၈ တန်းအောင်တဲ့သူတွေကို မူလတန်းပြဆရာအဖြစ် ခန့်ထားရေး ရခိုင်ပြည်နယ်က ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်က သြဂုတ်လ ၁၈ ရက်နေ့ လွှတ်တ်ာအစည်းအဝေးမှာ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ schoolဒီအဆိုပြုချက်ကို လာမယ့်သောကြာနေ့လောက်မှာ ဆက်လက်ဆွေးနွေးဖို့ရှိပြီး လောလောဆယ်မှာ အဲဒီအဆိုပြုချက်ကို လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ထားတယ်လို့ ရခိုင် အမျိုးသားပါတီ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ “၈ တန်းအောင် အခြေအနေနဲ့ မူလတန်းမှာ သင်ခိုင်းမယ်ဆိုတဲ့ကိစ္စက လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။ ရခိုင်ပြည်ရဲ့ ပညာရေးမြှင့်တင်မှု အခန်းကဏ္ဍမှာ ပညာရေးပိုင်းက အလွန့်အလွန် နိမ့်ကျနေတဲ့အချိန်မှာ အဲလို အရည်အချင်းမပြည့်တဲ့ ဆရာတွေ ၈ တန်းအောင်တဲ့ ဆရာတွေနဲ့သာ သင်မယ်ဆိုရင် ကျနော်တို့ရဲ့ ပညာရေးက လုံးဝစုံးစုံးမြှုပ်သွားမယ်ဆိုတဲ့ ယူဆချက်နဲ့ လွှတ်တော်ကိုယ်စားလှယ် တော်တော်များများက ကန့်ကွက်ကြတာပါ။” ဒါပေမယ့်လည်း ဒီအဆိုပြုချက်ကိုတော့ အစိုးရကိုယ်စားလှယ်နဲ့ တပ်မတော်သားကိုယ်စားလှယ် တွေက ထောက်ခံကြပါတယ်။ ရခိုင်ပြည်နယ်တွင်းက အခြေခံ မူလတန်းကျောင်းတွေမှာ ကျောင်းသားနဲ့ဆရာ အချိုးကျဖို့ ဆရာဆရာမဦးရေ ၆၀၀၀ ကျော် ထပ်ခန့်ထားဖို့ လိုအပ်နေပြီး ဒီသြဂုတ်လ ၁ ရက်နေ့မှာတော့ မူလတန်းပြ ဆရာဆရာမပေါင်း ၄၀၀၀ ကျော်ကို ခန့်အပ်ပေးလိုက်ပြီလို့ ပြည်နယ်ပညာရေးမှူး ဦးလှစိန်ထွန်းက ရခိုင်ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ကျောင်းသားနဲ့ဆရာ အချိုးကွာဟမှု အမြင့်ဆုံးပြည်နယ်တခု ဖြစ်တဲ့အတွက် စီမံချက်ချဆောင်ရွက်နေတယ်လို့လည်း ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၄ ခုနှစ်အတွင်း အထက်တန်းကျောင်း စုစုပေါင်း ၂၃ ကျောင်းကို တိုးချဲ့ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို သြဂုတ်လ ၁၃ ရက်နေ့ကနေ စက်တင်ဘာလ ၅ နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့ထိတော့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေဖြည့်စွက်ပြဋ္ဌာန်းရေး၊ အသိမ်းဆည်းခံထားရတဲ့ မြေယာပြဿ နာ ဖြေရှင်းရေး၊ မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာ အုပ်စုကြီးကို မြို့အဆင့် တိုးမြှင့် သတ်မှတ်ဖွဲ့စည်းရေးနဲ့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပါ ညှိနှိုင်းတိုင်ပင်ပြီး ပူးပေါင်း လုပ်ဆောင်သွားရေး စတဲ့ အဆိုတွေ တင်သွင်းခဲ့ကြတယ်လို့ ဦးအောင်မြတ်ကျော်က ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024