Home
မြန်မာသတင်း
စတော့ဈေးကွက်ထဲ ၀င်လာမည့် အများပိုင်ကုမ္ပဏီများကို သေချာစိစစ်ရန်လို
DVB
·
August 12, 2014
စတော့ဈေးကွက်အတွင်း ၀င်ရောက်လာမယ့် အများပိုင်ကုမ္ပဏီတွေကို လက်ခံတဲ့နေရာမှာ အများ ပြည်သူတွေရဲ့ စုဆောင်းငွေတွေကို လိမ်ညာပြီး ယူဆောင်တဲ့ ဖြစ်ရပ်မျိုး မရှိစေဖို့ တော်တန်ရုံ အချက်အလက်တွေနဲ့ ၀င်ခွင့်မပေးသင့်ဘူးလို့ မြန်မာနိုင်ငံ လက်မှတ်ရပြည့်သူ့စာရင်းကိုင်များအသင်း ဥက္ကဋ္ဌက ပြောပါတယ်။ မြန်မာက အာဆီယံစီးပွားရေးအသိုက်အ၀န်းရဲ့ သဘောတူညီချက်အရ လာမယ့် ၂၀၁၅ ခုနှစ်ကျရင် စတော့ရှယ်ယာဈေးကွက်ကို မဖြစ်မနေ အကောင်အထည်ဖော်ရမှာပါ။ ဒီအတွက် မြန်မာအစိုးရ အနေနဲ့ ပြည်တွင်းမှာ ရန်ကုန်စတော့ရှယ်ယာဈေးကွက် ပေါ်ပေါက်လာဖို့အတွက် ဂျပန် ဒိုင်ဝါကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် စတော့ရှယ်ယာဈေးကွက်အတွင်း ၀င်ရောက်လာမယ့် အများပိုင်ကုမ္ပဏီတွေကို လက်ခံတဲ့ နေရာမှာ သေချာစိစစ်ဖို့လိုတဲ့အကြောင်း မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဥက္ကဋ္ဌ ဦးကျော်တင်က ဒီဗွီဘီကို ပြောပါတယ်။ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကလည်း စတော့ ရှယ်ယာဈေးကွက်ထဲ ၀င်ရောက်လာမယ့် အများပိုင်ကုမ္ပဏီတွေအနေနဲ့ အများပြည်သူရဲ့ ယုံကြည်မှုကို ရရှိဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီအတွက် အများပြည်သူတွေအနေနဲ့ စတော့ရှယ်ယာဈေးကွက်မှာ ပါဝင်ဆက်နွှယ်နေသူတွေအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို လိုအပ်တယ်လို့ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဥက္ကဋ္ဌက သုံးသပ်ပြောပါတယ်။ မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ခုနှစ်ကျရင် ရန်ကုန်စတော့ဈေးကွက် ပေါ်ပေါက်လာဖို့အတွက် အများပိုင်ကုမ္ပဏီ ၅ ခုနဲ့ စတင်သွားဖို့ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက သတင်းမီဒီယာတွေနဲ့ ပြီးခဲ့တဲ့မတ်လ အစောပိုင်းက တွေ့ဆုံစဉ် ပြောကြားခဲ့ပေမယ့် ဘယ်ကုမ္ပဏီတွေဆိုတာကို အတိအကျ ထုတ်ဖော်ပြောဆိုမှုမရှိခဲ့ပါဘူး။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024