အစ္စရေးနှင့်ပါလက်စတိုင်း ၃ ရက်ကြာ ထပ်မံအပစ်ရပ်ရေး သဘောတူ

877
အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ကစလို့ နောက်ထပ် ၃ ရက်ကြာ အပစ်ရပ်စဲရေးကို သဘောတူလိုက်ကြပါတယ်။
အီဂျစ်နိုင်ငံက ကြားဝင် အဆိုပြုတဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲရေးကို ပါလက်စတိုင်း ဟားမက်စ်အဖွဲ့က လက်ခံခဲ့ပြီးနောက် မြို့တော် ကိုင်ရိုမှာ ဆွေးနွေးပွဲတွေ မကြာခင် ပြန်စဖို့ ရှိပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ရှိတဲ့ ဟားမက်စ်အဖွဲ့ရဲ့ ပြောခွင့်ရတဦးက “၇၂ နာရီကြာ အပစ်ရပ်စဲရေးကနေ ညှိနှိုင်းဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမယ်။ အပစ်ရပ်ဖို့ အစ္စရေးက အရင် သဘောတူပြီးနောက်မှာ ဟားမတ်စ်အဖွဲ့ကလည်း သဘောတူလိုက်ပါတယ်။ ဟားမက်စ်အဖွဲ့ကလည်း ဒီလို ညှိနှိုင်းဆွေးနွေးမှုဟာ နောက်ဆုံး အခွင့်အရေးတရပ်လို့ ယူဆပါတယ်။ အချိန်မဖြုန်းဘဲ ကျူးကျော်တာတွေကို ရပ်တန့်ပြီး အခွင့်အရေးကို လက်လွှတ်မခံပါနဲ့” လို့ ပြောပါတယ်။
အစ္စရေးဘက်ကလည်း အီဂျစ်နိုင်ငံရဲ့အဆိုပြုချက်ကို သဘောတူတယ်လို့ အစ္စရေး အဆင့်မြင့် အရာရှိတဦး အတည်ပြုပါတယ်။
အစ္စရေး ညှိနှိုင်းရေးမှူးတွေဟာ သြဂုတ် ၁၁ ရက် ဒီနေ့မှာ ကိုင်ရိုကို သွားပြီး ပါလက်စတိုင်းတွေနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
အစ္စရေးညှိနှိုင်းရေးအဖွဲ့ဟာ အရင်တခေါက် ၃ ရက်ကြာ အပစ်ရပ်စဲရေး သက်တမ်းမစေ့ခင် ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က အီဂျစ်နိုင်ငံကနေ ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ ၁ လကြာ ဖြစ်နေတဲ့တိုက်ပွဲတွေဟာ တကျော့ပြန် ဖြစ်ခဲ့ပါတယ်။
အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အခု အပစ်ရပ်စဲရေးကို အသုံးချပြီး ရေရှည်တည်တံ့တဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်ကို ညှိနှိုင်းကြဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းထားပါတယ်။
အပစ်ရပ်စဲရေး သဘောတူညီချက် အသက်မ၀င်ခင် နာရီအနည်းငယ်အထိ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ဂါဇာတောင်ပိုင်းမှာ ၃ ယောက် သေဆုံးသွားတယ်လို့ ဂါဇာအရာရှိတွေက ပြောပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ တောင်းဆိုချက်ထဲမှာ အစ္စရေးနဲ့ အီဂျစ်က ကမ်းရိုးတန်းဒေသကို ပိတ်ဆို့ထားတာကို ဖွင့်ပေးဖို့နဲ့ ဂါဇာဆိပ်ကမ်းတခုကို ပြန်ဖွင့်ပေးဖို့ အချက်တွေ ပါဝင်ပါတယ်။
၁ လကြာ ဂါဇာစစ်ပွဲအတွင်းမှာ ပါလက်စတိုင်း ၁၉၀၀ နီးပါး သေဆုံးခဲပြီး အစ္စရေးဘက်က ၆၇ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
