အိန္ဒိယတွင် ရွှံ့မြေပြိုကျမှုကြောင့် ၁၀ ဦး သေဆုံး၊ ၁၅၀ ကျော် ပိတ်မိ

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရတ်ရှ်တြာပြည်နယ် ပူးနေးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က မိုးသည်းထန်ပြီး မာလင်ရွာမှာ တဲတွေနဲ့ တိုက်တွေပေါ် ရွှံ့မြေတွေ ပြိုကျခဲ့တဲ့အတွက် လူ ၁၀ ဦး သေဆုံးပြီး ၁၅၀ ကျော်က အပျက်အစီးတွေထဲမှာ ပိတ်မိနစ်မြုပ်နေမယ်လို့ ယုံကြည်ရကြောင်း ကယ်ဆယ်ရေးအရာရှိတဦးက ပြောပါတယ်။ Indiaကယ်ဆယ်ရေးသမား ၄၂ ယောက်စီပါတဲ့ အဖွဲ့ ၇ ဖွဲ့က ရွှံ့ထဲ နစ်နေတဲ့လူတွေကို ဆွဲထုတ် ကယ်ဆယ်နေဆဲပါ။ မိုး၊ ရွှံ့နဲ့ ညံ့ဖျင်းတဲ့ ဆက်သွယ်ရေးစနစ်တွေကြောင့် ကယ်ဆယ်ရေးအားထုတ်မှုတွေ နှောင့်နှေးနေပါတယ်။ မြေပြိုမှုကြောင့် တိုက်အလုံး ၃၀ နဲ့ တဲတွေ ဆိုးဆိုးရွားရွား ပျက်စီးကုန်ပြီး တရွာလုံးလည်း ပျက်စီးနေတယ်လို့ အဲဒီရွာကို ရောက်ရှိခဲ့သူတဦးက ပြောပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီက ပြည်ထဲရေးဝန်ကြီးကို ပူးနေးမြို့ကို သွားပြီး အခြေအနေကို ကိုင်တွယ် ဖြေရှင်းဖို့ ညွှန်ကြားထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေးအတွက် အသက်သွေးကြောဖြစ်တဲ့ မုတ်သုံမိုးဟာ မကြာခဏ ကပ်ဘေး ဆိုက်စေတာပါ။ မနှစ်က ဇွန်လမှာ မိုးသည်းလို့ ဥတြာရာခန်းဒေသမှာ မြစ်တွေနဲ့ ကန်တွေ ကမ်းပါး ကျိုးပေါက်ခဲ့လို့ မြို့ရွာတွေ ရေမြုပ်ခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပါတယ်။ ဒီရေလွှမ်းမိုးမှုတွေအတွက် ဆိုးဆိုးရွားရွား စီမံခန့်ခွဲခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ တစိတ်တပိုင်း တာဝန်ရှိတယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ဧပြီလက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up