ဘန်ကောက်အဲဝေး ချင်းမိုင်-ရန်ကုန်-မန္တလေး စတင်ပျံသန်းမည်
DVB
·
July 25, 2014
ထိုင်းနိုင်ငံက ဘန်ကောက်အဲဝေး လေကြောင်းလိုင်းဟာ ချင်းမိုင်-ရန်ကုန်၊ ချင်းမိုင်- မန္တလေးကို အောက်တိုဘာ လကုန်ပိုင်းလောက်ကနေ စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။
ခရီးတိုပြေးဆွဲရာမှာ သင့်တော်တဲ့ထိုင်ခုံ ၇၀ ပါ ATR-72 လေယာဉ်အမျိုးအစားတွေ အသုံးပြုသွားမှာ ဖြစ်ပြီး ဈေးကွက်တောင်းဆိုမှုပေါ် မူတည်ပြီး AirBus -320 အမျိုးအစားတွေကို တိုးချဲ့ အသုံးပြုသွားနိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။
ရန်ကုန်ကနေ ချင်းမိုင်ကို တပတ် ၄ ကြိမ် ပြေးဆွဲမှာ ဖြစ်သလို ချင်းမိုင်မန္တလေးကို တပတ် ၃ ကြိမ် ပြေးဆွဲမှာလည်း ဖြစ်ပါတယ်။
ဘန်ကောက်အဲဝေးဟာ ထိုင်းကနေ မြန်မာကို အများဆုံး ပြေးဆွဲတဲ့ လေကြောင်းလိုင်းလည်း ဖြစ်ပါတယ်။ ရန်ကုန်မန္တလေး ခရီးစဉ်က မြန်မာပြည်ကို အခြေချမယ့် လေကြောင်းလိုင်းအတွက် ပိုမိုအားကောင်းစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလေကြောင်းလိုင်းဟာ ဘန်ကောက် သုဝဏ္ဏဘုမ္မိ လေဆိပ်ကနေ ရန်ကုန်ကို တပတ် ၄ ကြိမ် နေပြည်တော်ကို တပတ် ၅ ကြိမ်နဲ့ မန္တလေးကို နေ့စဉ် ပြေးဆွဲနေ ပါတယ်။
လက်ရှိ အဲပုဂံက ချင်းမိုင်-ရန်ကုန်ကို တပတ် ၂ ကြိမ် တိုက်ရိုက်ပြေးဆွဲလျက်ရှိပြီး လာမယ့် ကာလတွေမှာ အဲကမ္ဘောဇကလည်း ပြေးဆွဲဖို့ စီစဉ်နေပါတယ်။