Home
မြန်မာသတင်း
ကျောင်းမုန့်ဈေးတန်းများကို စတင်စစ်ဆေး
DVB
·
July 24, 2014
အခြေခံပညာကျောင်းတွေမှာ မုန့်ဈေးတန်း အစားသောက် ဘေးအန္တရာယ် ကင်းစင်ဖို့ ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ စတင် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ မန္တလေးတိုင်းဒေသကြီးက အခြေခံကျောင်းတွေမှာ မုန့်ဈေးတန်း အစားသောက်တွေ ဘေးအန္တရာယ် ကင်းစင်ဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် အက်ဖ်ဒီအေနဲ့ ကျောင်းကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စတင်စစ်ဆေးနေပါတယ်။ [caption id="attachment_60900" align="alignright" width="300"]ဓာတ်ပုံ - Ko Ko Maung ဓာတ်ပုံ - Ko Ko Maung[/caption]ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ၂၀၁၄-၁၅ စာသင်နှစ်အတွင်း ကျောင်းကျန်းမားရေးဦးစီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး စာသင်ကျောင်း မုန့်ဈေးတန်း ဘေးအန္တရာယ်ကင်းစင်ရေး အကောင်ထည်ဖော်ဖို့ လုပ်ဆောင်နေကြပါတယ်။ မန္တလေးတိုင်း ဒေသကြီးမှာတော့ မြို့နယ် ၁၁ မြို့နယ် ပါဝင်မှာပါ။ မန္တလေးတိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ လက်ထောက်ညွှန်မှူး ဒေါက်တာ အေးငြိမ်းမြတ်က “မုန့်ဈေးတန်းမှာ ဆိုးဆေးတွေနဲ့ မုန့်တွေက ကလေးတွေ စားသုံးအောင် ဆွဲဆောင်ရောင်းချနေကြတယ်။ အဲဒီအစားသောက်တွေမှာ ခွင့်မပြု ဆိုးဆေးသာ ပါမယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေးအန္တရာယ် ဖြစ်လာနိုင်တယ်။ ဒါကြောင့် အခုလို စစ်ဆေးတာပါ” လို့ ပြောပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမူဟာ အရင်က ဈေးကွက်မှာရှိတဲ့ အစားအသောက်တွေကို နမူနာ ကောက်ယူ စစ်ဆေးပေးတာဖြစ်ပြီး အခု ကျောင်းကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်နိုင်မယ့် အချက်တွေကိုပါ ပညာပေးဟောပြောပေးတာ ဖြစ်ပါတယ်။ ဒေါက်တာအေးငြိမ်းမြတ်က “ကျောင်းမုန့်ဈေးတန်းတွေမှာ ဘယ်လို မုန့်မျိုးကို ရောင်းချမှု များနေတယ်။ ဘေးအန္တရာယ်ဖြစ်နိုင်မယ့် မုန့်အမျိုးအစားတွေကို နမူနာယူပြီး စစ်ဆေးသွားမယ်။ သက်ဆိုင်ရာ ကျောင်းကျန်းမာရေးအဖွဲ့က စစ်ဆေးရင်းနဲ့ မုန့်ဈေးတန်းမှာ ဆိုးဆေးပါတဲ့ အစားအသောက်တွေကို နမူနာ ကောက်တယ်။ နမူနာကောက်ပြီးတော့ အဲဒါတွေကို ကျမတို့ ဌာနကနေ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ အစားအသောက်မှာ ခွင့်မပြုတဲ့ ဆိုးဆေးတွေ ပါတယ်ဆိုရင် ပြည်သူလူထုကို သိအောင် သတင်းစာမှာကြေညာမယ်။ အရေးယူတွေ ပြုလုပ်ဖို့အတွက် သက်ဆိုင်ရာ ဌာနတွေကို အကြောင်းကြားမယ်” လို့ ပြောပါတယ်။ အခြေခံကျောင်းတွေမှာ မြန်မာအစားသောက်ကို မတွေ့ရသလောက် နည်းပါးနေပြီး ရယ်ဒီမိတ် တရုတ်မုန့်မျိုးတွေ ရောင်းချမှု များနေတယ်လို့ ဆိုပါတယ်။ အန္တရာယ်ရှိပြီး အလှအပ ဆိုးဆေးတွေနဲ့ မုန့်အမျိုးအစားတွေ တိမ်ကောပပျောက်ဖို့တော့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပညာပေးရေးလုပ်ငန်းတွေ လိုအပ်နေသေးတယ်လို့ ဒေါက်တာအေးငြိမ်းမြတ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024