တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်းက ခါကာဘိုရာဇီတောင်တက်မည်
DVB
·
July 23, 2014
မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီတောင်ထိပ်ကို တက်ရောက်ပြီး မြန်မာနိုင်ငံတော်အလံသစ်ကို လွှင့်ထူသွားတော့မှာဖြစ်ပါတယ်။
[caption id="attachment_60840" align="alignright" width="300"] ဓာတ်ပုံ - ဂူဂဲ[/caption]အမြင့်ပေ ၁၉၀၀၀ ကျော်မြင့်တဲ့ ဒီတောင်ထိပ်ကို တက်ရောက်မယ့်အဖွဲ့ကတော့ တက္ကသိုလ်ခြေလျင်နဲ့တောင်တက်အသင်း လက်အောက်က သဘာဝ ခေါ် သံဖောင်ဒေးရှင်း မြန်မာလူငယ်အဖွဲ့ဖြစ်ပြီး အခုလအတွင်း စတင်ထွက်ခွာမှာဖြစ်ပါတယ်။
တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း တောင်တက်မယ့်အဖွဲ့အနေနဲ့ လိုအပ်တာ တွေ ပြင်ဆင်နိုင်ရေးအတွက် လာမယ့် ဇူလိုင် ၂၆ ရက်နေ့မှာ ရှေးပြေးအဖွဲ့ဝင် ၃ ဦး ပူတာအိုမြို့ကို သွားရှိမှာဖြစ်ပြီး နောက်ချန် ၆ ဦးကတော့ ဇူလိုင် ၂၉ ရက်နေ့မှာ ပူတာအိုကို ထွက်ခွာမှာ ဖြစ်ပါတယ်။
၁၇၅ မိုင် ဝေးတဲ့ ဒီတောင်တက်ခရီးစဉ်အတွင်း ဘေးအန္တရယ်တခုခုနဲ့ ကြုံလာခဲ့ရင် အကူအညီ ရရှိနိုင်ရေးအတွက် အခက်ခဲရှိတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း တောင်တက်အဖွဲ့အနေနဲ့ ရာသီဥတု ကောင်းခဲ့ရင် ၂၀၁၄ ခုနှစ် သြဂုတ်လကုန်ပိုင်းမှာ ခါကာဘိုရာဇီ တောင်ထိပ်ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ခါကာဘိုရာဇီတောင်ကို ၁၉၉၆ ခုနှစ်က မြန်မာ-ဂျပန်ချစ်ကြည်ရေး ပူးပေါင်းတောင်တက် အဖွဲ့က ဂျပန်လူမျိုး မစ္စတာအိုဇာကီနဲ့ မြန်မာနိုင်ငံသား၊ တိဘက်လူမျိုး နမားဂျွန်ဆိုန်တို့က ပထမဦးဆုံးတက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအလံကို ပထမဦးဆုံး စိုက်ထူခဲ့ဖူးပါတယ်။