ကျန်ရစ်သူမိသားစုဝင်များ၏ စကားများ
DVB
·
July 15, 2014
ဦးအေးဝင်း (ဦးဘ၀င်း၏သား)
“သိသလောက်ကတော့ တော်လှန်ရေးကောင်စီတက်ပြီးနောက်ပိုင်း ဦးနေ၀င်းကိုယ်တိုင် ပန်းခွေချတယ်။ မချခင် ရှေ့ကမဏ္ဍပ်မှာ မိသားစုတွေအားလုံး ထိုင်းပြီးစောင့်နေရတယ်။ သူလာတော့မှ တဦးချင်း အဲတုန်းကတော့ ကလေးသာသာ အရွယ်တွေပေါ့။ သူနဲ့အတူ သွားပြီးတော့ သူက အရင်ချတယ်။ နောက်ပြီး အခမ်းအနားတွေ လုပ်ပြီးတော့မှ အားလုံး အတူပြန်တယ်။ အဲဒီကနေပြီး နောက်ပိုင်းကျတော့ ဦးစန်းယု၊ ဦးမောင်မောင်ခ၊ ပြီးတော့ ယဉ်ကျေးမှုဝန်ကြီး၊ နောက်ဆုံးကျတော့ မြို့တော်ဝန်ဖြစ်သွားတယ်။ တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်။ နောက်ပိုင်း မိသားစုကသပ်သပ်။ အခုတော့ မနှစ်က စပြီး ဒုသမ္မတ ချတယ်ပြောတယ်။ နောက်ပိုင်း အန်ကယ် ဘယ်တော့မှ မတက်တော့ဘူး။ ၈၉ လောက်ကစပြီး မတက်တော့ဘူး၊ မိသားစုထဲက တယောက် သွားတက်တယ်။ အန်ကယ်တို့ မိသားစုအနေနဲ့ မိသားစုအစုံအလင် မတက်တော့ဘူး။ တခြားမိသားစုတွေတော့ တက်ကြတယ်ထင်တယ်။”
ဦးချိုအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း၏ တူ)
“အာဇာနည်ဆိုတာက ကိုယ်ကျိုးမဖက်ဘဲနဲ့ အများအတွက် အသက်စွန့်သွားတဲသူတွေကို အာဇာနည်လို့ ခေါ်တာကိုး။ အဲလို အာဇာနည်တွေ များများမွေးဖို့၊ မိသားစု တစု ကောင်းစားဖို့အတွက် အသက်စွန့်သွားတဲ့သူတွေက အာဇာနည်မဟုတ်ဘူး။ အများအတွက်လည်း ဖြစ်ရမယ်၊ တိုင်းပြည်အတွက်လည်း ဖြစ်ရမယ်၊ အဲဒါမျိုးကို တကယ်လိုအပ်တဲ့အချိန်မှာ အသက်ကို စွန့်သွားတဲ့သူမျိုးကို အာဇာနည်လို့ ခေါ်တာ။ တိုင်းပြည်လွတ်လပ်အောင် လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တို့၊ ဦးဘ၀င်းတို့လို့ လူမျိုးတွေ များများထပ်ပွားဖို့လိုတယ်။ ကျနော့်အမြင်ပြောရရင် ဒီမိုကရေစီ မရသေးဘူး။ ဒီမိုကရေစီ အရိပ်အယောင် ရေးရေးလေးပဲ ရှိသေးတယ်။”
ဒေါ်မြင့်မြင့်ခိုင် (မန်းဘခိုင်၏ သမီး)
“ကျမအဖေ ကျဆုံးတုန်းက ၃ နှစ်သမီးနဲ့ ကျန်ခဲ့တာဆိုတော့လေ သူ့ရဲ့ လုပ်ဆောင်ချက်တွေ အကုန် ဘာမှ မမှတ်မိဘူး။ မသိဘူး။ မမေတို့ ပြောပြတဲ့ ဟာတွေနဲ့ ဓာတ်ပုံတွေ ကြည့်တာလောက်ပဲ တွေ့ရပါတယ်။ ဟိုတုန်းက သူတို့ နိုင်ငံရေး လုပ်ခဲ့တာဟာ နိုင်ငံလွတ်လပ်ရေး ရဖို့အတွက် အဓိက ရည်ရွယ်ချက်တခုနဲ့ပဲ ဘယ်လိုပဲ ဖြစ်ဖြစ် အသက်ပေးရသည် ဖြစ်စေပေါ့နော်။ အဲဒီလိုနဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ခဲ့ကြတယ်။ တကယ်လည်းပဲလည်း ကျဆုံးသွားတယ်။ အဲဒီလိုပဲ တွေ့ရပါတယ်။ ကြားဖူးခဲ့တာက ကရင် - ဗမာ ချစ်ကြည်ရေးအတွက် ရွတ်ရွတ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့တယ်။ ဂျပန်တွေကို တော်လှန်စဉ်ကလည်း ရွတ်ရွတ်ချွံချွံ လုပ်ခဲ့တယ်ဆိုတာလောက်ပဲ သိရပါတယ်။ လွတ်လပ်ရေးရဖို့ အဓိကရည်ရွယ်ချက်နဲ့ အကုန်လုံးပေးဆပ်ပြီး လုပ်သွားတယ်လို့ပဲ နားလည်ပါတယ်။”
ဦးရဲမြင့်အောင် (သခင်မြ၏ မွေးစားသား)
“သူရဲ့ ဖြောင့်မတ်တဲ့စိတ်တွေ ရိုးသားတဲ့စိတ်တွေ ပွင့်လင်းတဲ့စိတ်တွေ လူတွေအပေါ် ညှာတာတဲ့ စိတ်ပေါ့ဗျာ အဲဒါတွေက ဂုဏ်ယူအားကျစရာတွေပေါ့။ အတုယူစရာဆိုတာကတော့ သူတို့လုပ်ခဲ့တာက နိုင်ငံရေးကို ကိုယ်ကျိုးမဖက်ပဲ ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့ကြတာကိုး။ ကိုယ့်တွက် မကြည့်ပဲနဲ့ လုပ်ခဲ့ပြီး တိုင်းပြည်တွက် လုပ်ခဲ့တာ။ သူတို့ခေတ် သူတို့အခါက လစာတောင် မယူပဲနဲ့ လုပ်ကြတာ။ ရှိတာတွေ ပေါင်ရောင်းပြီး နိုင်ငံရေးလုပ်တာ။”
ဦးတင်မြင့် (ဦးရာဇတ်၏သား)
“သူက ကျောင်းသားတွေကို စာတတ်စေချင်တယ်။ အထူးသဖြင့် အဲဒီအချိန်ကတော့ အင်္ဂလိပ်စာ တတ်စေချင်တယ်။ စာတတ်မှ လူရာဝင်တယ်။ အဲဒီအချိန်က အင်္ဂလိပ်ကို တော်လှန်ရတော့ အင်္ဂလိပ်စာမတတ်ရင် ငါတို့မှာ တပန်းရှုံးတယ်။ ဒါကြောင့်မို့လို့ အင်္ဂလိပ်စာ တတ်စေချင်တယ်။ နောင်လာ နောင်သားတွေကို မျိုးချစ်စိတ်ရှိစေချင်တယ်။ မျိုးချစ်စိတ်ရှိမှသာ ငါတို့တိုင်းပြည် လွတ်လပ်ရေးရမယ်။ မျိုးချစ်စိတ်ရှိစေချင်တဲ့အတွက်ကြောင့် သူ့ကျောင်းက ကျောင်းသားတွေကို စစ်ပညာသင်ပေးတယ်။ နောက်ပြီးတော့ ကိုယ်ခံပညာအတွက် ဘောက်စင်ကို နိုင်ငံခြားသား သင်တန်းဆရာကို ခေါ်ပြီး သင်ပေးတယ်။ မြန်မာပြည်မှာ ပထမဆုံးအကြိမ် နိုင်ငံခြားသား သင်တန်းကိုခေါ်ပေးခဲ့တာ။ အဓိကတော့ စစ်ပညာသင်ပေးရင်းနဲ့ မျိုးချစ်စိတ်ကို သွင်းတာ။ ဒီကိစ္စက သားတယောက်အနေနဲ့ ဂုဏ်ယူရတဲ့ အချက်ပေါ့။”