Home
မြန်မာသတင်း
သမ္မတကို မီဒီယာသမားတွေ ဆန္ဒပြ
ရွှေအောင်
·
July 12, 2014
ယူနတီသတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ သမ္မတဦးသိန်းစိန်ကို သတင်းမီဒီယာသမား ၇၀ လောက်က ရန်ကုန်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ Media Protest front of MPCရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ သမ္မတနဲ့ အနုပညာရှင်တွေ တွေ့ဆုံပွဲ လာတက်တဲ့ သမ္မတ ဦးသိန်းစိန်ကို သတင်းသမားတွေက ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး ဆန္ဒပြတဲ့အထဲ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဆဲဗင်းဒေးသတင်းစာရဲ့ သတင်းထောက်ချုပ် ဦးအောင်သူရက သူတို့ ဆန္ဒပြခဲ့ကြပုံကို အခုလို ပြောပါတယ်။ “ပထမအစီအစဉ်ကတော့ ကျနော်တို့ အထဲကို သတင်းဝင်ယူမယ်၊ ပြီးတော့ အသံတိတ် ဆန္ဒထုတ်ဖော်မယ်ပေါ့။ အခမ်းအနား စတဲ့အချိန်မှာ ကင်မရာတွေ အသံဖမ်းစက်တွေကို ချပြီးတော့ သတင်းမယူပဲနဲ့ ထိုင်နေမယ်။ အဲဒီလို နေပြီး ပြန်မယ်လို့ အစီအစဉ်လုပ်ထားတာ။ အစီအစဉ်က ဘယ်လိုပြောင်းသွားလဲဆိုတော့ အထဲတွေ ဘာတွေ တချို့တ၀က်က ၀င်ပြီးပြီ။ တချို့ သတင်းထောက်တွေက မီဒီယာဖိနှိပ်မှုရပ်ဆိုတဲ့ တီရှပ်ဝတ် လာတဲ့ သတင်းထောက်တွေကို ဦးဝိစာရလမ်းထိပ်က ပိတ်ပြီး အထဲကို ပေးမ၀င်ဘူး။ သူတို့ကိုပေးမ၀င်လည်း ငါတို့လည်း မ၀င်ဘူးဆိုပြီး ပြန်ထွက်လာတာ။ ပြန်ထွက်ပြီးတော့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ ဆိုင်းဘုတ်ရှေ့မှာပဲ ကျနော်တို့ အသံဖမ်းစက်တွေ ကင်မရာတွေချပြီးတော့ ဒါကို သတင်းမယူဘူးဆိုတဲ့ ဆန္ဒပြ ပြီး ပြန်လာခဲ့တယ်။” ဆန္ဒပြခဲ့ကြတဲ့ သတင်းသမားတွေဟာ နိုင်ငံခြားသတင်းဌာနနဲ့ ပြည်တွင်းသတင်းစာ ဂျာနယ်တိုက်တွေက သတင်းသမားတွေ ဖြစ်ကြတယ်လို့လည်း သူက ပြောပါတယ်။ ဆန္ဒပြတဲ့ သတင်းသမားတွေဟာ သူတို့ရဲ ပါးစပ်တွေကို တိပ်အမဲတွေနဲ့ ကန့်လန့်ဖြတ် ပိတ်ထားခဲ့ကြပြီး မီဒီယာဖိနှိပ်မှု ရပ် ဆိုတဲ့စာသားပါ တီရှပ်တွေလည်း ၀တ်ဆင်ထားခဲ့ကြပါတယ်။ အလားတူ ရန်ကုန်၊ သင်္ကကျွန်း၊ မိကျောင်းကန်ပြည်သူ အယောက် ၇၀ လောက်ကလဲ သမ္မတကို ဦးဝိစာရလမ်းပေါ်မှာ ကြွေးကျော်သံတွေ ကြွေးကျော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဦးဝိစာရလမ်းကနေ မြန်မာငြိမ်းချမ်းရေးစင်တာရှိရာ အ၀င်လမ်းဖြစ်တဲ့ ရွှေလီလမ်းကို ရဲတပ်ဖွဲ့က အင်အားသုံး ပိတ်ဆို့ထားခဲ့ပြီး ဒီနေ့ ဆန္ဒပြခဲ့ကြသူတွေကို သမ္မတက ခေါ်ယူတွေ့ဆုံခဲ့ခြင်း မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024