Home
မြန်မာသတင်း
ဖမ်းထားသည့် ကေအိုင်အေ တပ်ဖွဲ့ဝင် ၂ ဦးကိစ္စ အစိုးရနှင့် ဆွေးနွေး
နော်နိုရင်း
·
July 11, 2014
အစိုးရတပ်က ဖမ်းဆီးထားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့ဝင် ၂ ဦးကို ကေကိုင်အေလက်ထဲ ပြန်လည်အပ်နှံဖို့ကိစ္စ ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ကြီးနားမြို့မှာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ kiaဇူလိုင် ၅ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမှာ ကျင်းပတဲ့ အစိုးရတပ်နဲ့ ကေအိုင်အေ နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ’ လစဉ် အစည်းဝေးပွဲမှာ ဖမ်းဆီးခံ ကေအိုင်အေ တပ်ဖွဲ့ဝင် ၂ ဦးကို ပြန်လည်အပ်နှံဖို့ ကိစ္စ ပြောဆိုဆွေးနွေးခဲ့တာပါ။ အဆိုပါ ကေအိုင်အေ တပ်သား ၂ ဦးဟာ မူးယစ်ဆေးဝါးကိစ္စနဲ့ ကေအိုင်အိုခေါင်းဆောင်တွေက သူတို့ကို ဖမ်းဆီးမယ့်အနေအထားရှိနေချိန် သူတို့က ထွက်ပြေးရင်းနဲ့ အစိုးရတပ်က ဖမ်းဆီးမိသွားခဲ့တာလို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင်က ပြောပါတယ်။ ဒါကြောင့် ကေအိုင်အိုဘက်က ဒီတပ်သားနှစ်ယောက်ကို သူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအရ အရေးယူနိုင်ဖို့ ပြန်တောင်းဆိုတာလို့ ပြောပါတယ်။ “တောင်းဆိုတယ်ဆိုတာ ဒီလိုပါ။ ကေအိုင်အို တပ်သား ၂ ယောက်က မူးယစ်ဆေးဝါး စစ်ဆင်ရေးအတွက် ကေအိုင်အိုက အကြီးအကျယ် လှုပ်ရှားတဲ့အပိုင်းတွေ ဖြစ်နေတဲ့အခါမှာ ဒီ ၂ ယောက် မူးယစ်ဆေးဝါး တခါတလေ သုံးစွဲတဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက်ကြောင့် သူတို့ကို ကေအိုင်အိုက သတိပေးတယ်။ သတိပေးတာအဆင့်ဆင့် ဖြစ်တဲ့အချိန်မှာ ဖမ်းဆီးမယ့် အနေအထားမျိုး ဖြစ်လာတဲ့အခါမှာ သူတို့က တပ်စခန်းကနေ ရှောင်သွားတဲ့ သဘောမျိုးရှိတဲ့ အချိန်မှာ အစိုးရ စစ်တပ်နဲ့ တွေ့ပြီး အဖမ်းခံရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ကျနော်တို့လည်း ဒီကိစ္စကို အရေးယူဆောင်ရွက်သွားဖို့အတွက်ကို အချုပ်သားကို လွှဲပြောင်းပေးဖို့ တောင်းဆိုထားတာ ရှိပါတယ်။” ဒီတပ်သား ၂ ယောက်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ဖမ်းဆီးခံရတာဖြစ်ပြီး တပ်သား ၂ ဦး ပြန်အပ်ပေးဖို့ တောင်းဆိုထားပေမယ့် အစိုးရဘက်ကတော့ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးဘူးလို့ ဦးဆန်အောင်က ပြောပါတယ်။ KNG ကချင်သတင်းဌာနကတော့ ဖမ်းဆီးခံရသူတွေဟာ ကေအိုင်အေ တပ်ရှင်း (၆)က အရာရှိ ဆလန်ကဘား ဖုတ်ဂျန်ဇေလွမ်းနဲ့ ဗိုလ်မဂျီဘရန်ဆိုင်းတို့ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ကေအိုင်အေတပ်ဖွဲဝင် ဆလန်ကဘား ဖုတ်ဂျန်ဇေလွမ်းကို ဇွန်လ ၂၈ ရက်နေ့က ပစ္စတိုတစ်လက်နဲ့အတူ နမ်ယာနဲ့ ကပ်မှော်ဇွမ်ကြားမှာ အစိုးရ တပ်မ (၆၆) လက်အောက်ခံ ခမရ-၁၁၀ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဗိုလ်မဂျီဘရန်ဆိုင်းကတော့ ကေအိုင်အေ စစ်တပ်ကနေ ခွင့်နဲ့အိမ်ကိုအပြန် ဇွန်လ ၃၀ ရက်နေ့က မိုးညှင်းမြို့နယ်ထဲမှာ အစိုးရကဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ကချင်သတင်းဌာနက ရေးသားဖော်ပြပါတယ်။ ဒီကိစ္စနဲပတ်သက်ပြီး ကေအိုင်အို ဗဟိုဌာနချုပ်ကိုမေးမြန်းရာမှာတော့ အောက်ခြေ မှာဖြစ်တဲ့ ကိစ္စတွေကို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဆီကို တင်ပြထားပြီး ဗဟိုအနေနဲ့ အသေးစိတ် မသိရသေးဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ပြောခွင့်ရသူ ဦးလနန်းက ဒီဗွီဘီကို ပြောပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှင့် အစိုးရတပ်များကြားဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကို ပြီးခဲ့တဲ့ မေလက ဖွဲ့စည်းခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024