ဂျာမနီတိုက်စစ်မှူး ကလိုဆေး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ဂိုးအများဆုံး စံချိန်တင်

ဓာတ်ပုံ - ရိုက်တာ
ဂျာမနီတိုက်စစ်မှူး ကလိုဆေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းမှာ ၁၆ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်သစ်ကို တင်လိုက်နိုင်ပါတယ်။ ဘရာဇီးကို ၇ ဂိုး ၁ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးသွင်းနိုင်ပြီး ၁၆ ဂိုး ပြည့်ခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၃ ပွဲမှာ ၁၆ ဂိုး သွင်းပြီး စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကလိုဆေး မတိုင်ခင် ရော်နယ်ဒိုက သွင်းဂိုး ၁၅ ဂိုးနဲ့ စံချိန်တင်ထားခဲ့တာပါ။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်မြောက် ကစားခွင့်ရတဲ့ တတိယမြောက် ကစားသမားလည်း ဖြစ်ပါတယ်။ ထူးခြားမှုကတော့ ကလိုဆေး ဂိုးသွင်းတဲ့ပွဲတိုင်းမှာ ဂျာမနီအသင်းဟာ ရှုံးလေ့ မရှိပါဘူး။ ဒါ့အပြင် ဂျာမနီအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဘရာဇီးကို အနိုင်ရလိုက်လို့ ဗိုလ်လုပွဲကို စံချိန်တင် ၈ ကြိမ်မြောက်အဖြစ် တက်ရောက်သွားပါတယ်။ ဘရာဇီးအသင်းနဲ့ အီတလီအသင်းတို့ ဗိုလ်လုပွဲကို ၆ ကြိမ်စီ တက်ရောက်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားက ၄ ကြိမ်၊ နယ်သာလန်က ၃ ကြိမ်အထိ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။ ဂျာမနီဟာ ဘရာဇီးကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့အတွက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သမိုင်းမှာ ဂိုးသွင်းအများဆုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ ဒါ့အပြင် ဂျာမနီဟာ ဆီမီးဖိုင်နယ်မှာ ၇ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up