အာဂျင်တီးနား-ဘယ်လ်ဂျီယံ၊ နယ်သာလန်-ကော်စတာရီကာ (သုံးသပ်ချက်)

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲတွေ ဇူလိုင် ၅ ရက်နေ့ည ပွဲစဉ်ကတော့ ချန်ပီယံဖြစ်နိုင်တယ်လို့ ရေပန်းစားတဲ့ အသင်းတွေထဲက အာဂျင်တီးနားအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ WORLD CUP 2 copyဒီနှစ်သင်းစလုံးဟာ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေမှာ ပြိုင်ဘက်အသင်းတွေကို ခက်ခက်ခဲခဲ ကစားခဲ့ကြရတာ ဖြစ်ပြီး အချိန်ပိုတွေမှာမှ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ကြတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။ ရန်ကုန်အခြေစိုက် အားကစားကလောင်ရှင် ဦးစိုးညီက အာဂျင်တီးနား ခက်ခက်ခဲကစားပြီး အနိုင်ရဖို့ရှိတယ်လို့ သုံးသပ်ပါတယ်။ “အာဂျင်တီးနားကတော့ နောက်ဆုံး သူတို့ကစားသွားတဲ့ ပွဲတွေအရ သူတို့ ပုံစံကောင်းပြန်ရနေတယ်။ တိုက်စစ်မှူး မက်ဆီပွဲတိုင်း ခြေစွမ်းပြနိုင်တယ်။ ကွင်းလယ်က ဒီမာရီယာကလည်း ကောင်းနေတယ်။ ဘယ်လ်ဂျီယံအသင်းကတော့ ကစားသမားကောင်းတွေ ရှိတယ် ဆိုပေမယ့် ကမ္ဘာ့ထိပ်တန်းအဆင့်လို့တော့ ကျနော့်အနေနဲ့ မမြင်ဘူး။ အစဉ်လာကောင်းလည်း မရှိခဲ့ဘူး။ ဒီအဆင့်ရောက်မှ ဘယ်အသင်းမှ လွယ်လွယ်နဲ့ ကျော်ဖြတ်နိုင်တာတော့ မရှိဘူး။ အခက်အခဲတွေတော့ ကြုံမှာပဲ။ ခက်ခက်ခဲခဲ ကစားပြီးမှ အာဂျင်တီးနား နိုင်မယ်လို့ထင်တယ်။” ဇူလိုင် ၆ ရက်နေ့ မနက်မှာ ကစားမယ့် နယ်သာလန်နဲ့ ကော်စတာရီကာပွဲမှာလည်း နယ်သာလန်ပဲ ဆီးမီးဖိုင်နယ်တက်မယ်လို့ သူက သုံးသပ်ပါတယ်။ “ကော်စတာရီကာကို အုပ်စုပွဲစဉ်တွေတုန်းက နည်းနည်း အထင်ကြီးမိတယ်။ တကယ့်ကို မရဏအုပ်စုမှာ ကျခဲ့တယ်။ အသင်းကြီးတွေကို ကျော်ဖြတ်ပြီး တက်လာတယ်။ ဒါပေမယ့် ရှုံးထွက်အဆင့်မှာ ဂရိနဲ့ကစားသွားတဲ့ ခြေစွမ်းကတော့ အထင်ကြီးစရာ သိပ်မရှိဘူး။ ဂရိကို အသာစီးလည်းမရဘူး၊ ဂရိကတောင် ပိုပြီး အသာစီးရခဲ့တယ်လို့ ကျနော်ထင်တယ်။ ကစားသမားအထုတ်ခံရလို့ ပြောတာမဟုတ်ပါဘူး။ ဂရိက ပိုပြီး အဆင့်မြင့်မြင့်ကစားနိုင်တယ်။ ပင်နယ်တီအဆုံးအဖြတ်ကျမှသာ ဂရိက ရှုံးသွားတာ။ နယ်သာလန်ကတော့ မက္ကဆီကိုနဲ့ ကစားသွားတဲ့ပွဲမှာ တကယ့်အပြစ်ပြောစရာမရှိအောင် နယ်သာလန်ကောင်းတယ်။ ပွဲပြီးခါနီးမှ ပင်နယ်တီရတယ်ဆိုပေမယ့် တချိန်လုံးလိုလို သူတို့ တိုက်စစ်ဆင်နိုင်တယ်။ အထူးသဖြင့် ရော်ဘင်က အကောင်းဆုံး ခြေစွမ်းပြနေတယ်။ အဲတော့ ကော်စတာရီကာ ဒီအဆင့်ကို ဘယ်လိုပဲ ကျော်ဖြတ်ပြီး ရောက်လာသည်ဖြစ်စေ နယ်သာလန်ကိုတော့ ကျော်ဖြတ်နိုင်မယ်လို့ ကျနော်မထင်ဘူး၊ နယ်သာလန်ပဲ နိုင်မယ်၊ နောက်တဆင့် တက်မှာပါ။” ရှုံးထွက်ပွဲတွေတုန်းကလိုပဲ ကမ္ဘာ့ဖလားမှာ အစဉ်အလာရှိတဲ့ အသင်းကြီးတွေပဲ ကွာတားဖိုင်နယ်မှာ ဆက်လက် အောင်ပွဲခံသွားနိုင်မလား ဆိုတာတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up