ပါလက်စတိုင်းလူငယ် သေဆုံးမှု အရေးယူပေးရန် သမ္မတ အဘတ် တောင်းဆို

ပြန်ပေးဆွဲခံခဲ့ရတဲ့ ပါလက်စတိုင်းလူငယ်တဦး ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က ယေရှုရှလင် မြို့ပြင်တနေရာမှာ  သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ပါလက်စတိုင်းလူငယ် မိုဟာမက် အဘူ ခူဒါယားကို အသတ်မခံရခင် ဗင်ကားတစီးနဲ့ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ Palestinian President Mahmoud Abbas copyအစ္စရေးအခြေချနေ ထိုင်သူတွေ သတ်ဖြတ်ခဲ့တယ် ဆိုတာကို သိရှိထားတယ်လို့ ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်က ပြောဆိုပြီး သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေကို ဥပဒေနဲ့ အညီ အရေးယူပေးဖို့ အစ္စရေးအစိုးရကို တောင်းဆိုခဲ့ပါတယ်။ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ် “အစ္စရေးအခြေချသူတွေဟာ အစ္စရေးအစိုးရနဲ့ စစ်တပ်အကာအကွယ်ကို ရယူပြီး ပါလက်စတိုင်းတွေကို နေ့စဉ် သတ်ဖြတ်နေပါတယ်။ ပါလက်စတိုင်းတွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရယူချင်တယ်ဆိုရင် အခု သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေကို အထိရောက်ဆုံး အရေးယူပေးရမှာ ဖြစ်တယ်”လို့ ပြောဆိုခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟူကလည်း သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေကို အမြန်ဆုံး ဖမ်းဆီးအရေးယူဖို့ အစ္စရေးရဲတပ်ဖွဲ့ကို တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၃ ပတ်က ပြန်ပေးဆွဲ အသတ်ခံခဲ့ရတဲ့ အစ္စရေးလူငယ် ၃ ဦး အတွက် လက်တုံ့ပြန် သတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့ အစ္စရေးလုံခြုံရေးတွေက ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က အနောက်ဘက်ကမ်းက ဂျီနင်မြို့မှာ အစ္စရေးလုံခြုံရေးတွေနဲ့ ပါလက်စတိုင်းလူငယ်တွေ ပဋိပက္ခတွေ ဖြစ်ပွားနေပြီး ပါလက်စတိုင်းလူငယ် ၄ ဦး ဒဏ်ရာရပြီး အယောက် ၄၀ ဖမ်းဆီးခံခဲ့ရပါတယ်။ အစ္စရေးလူငယ်တွေ သတ်ဖြတ်ခံရမှုမှာ ဟားမတ်စစ်သွေးကြွအဖွဲ့က တာဝန်ရှိတယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။ ဟားမတ်အဖွဲ့ကတော့ အစ္စရေးလူငယ်တွေကို သတ်ဖြတ်မှုကို အတည်ပြုခြင်းလည်း မရှိသလို ငြင်းဆန်ခြင်းလည်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up