အာဂျင်တီးနား- ဆွစ်ဇာလန်၊ အမေရိကန်- ဘယ်လ်ဂျီယံ (သုံးသပ်ချက်)

ဘရားဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်တက်ဖို့ အဆုံးအဖြတ် ပွဲစဉ်တွေကို အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားနေကြရာမှာ ပြီးခဲ့တဲ့ ညက ပွဲစဉ်တွေမှာတော့ ပြင်သစ်က နိုင်ဂျီးရီးယားကို ၂ ဂိုး ဂိုးမရှိ၊ ဂျာမနီက အယ်လ်ဂျီးရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ကွာတားဖိုင်နယ်ကို အသီးသီးတက်သွားကြပါတယ်။ WORLD CUP 1 copyပြင်သစ်နဲ့ နိုင်ဂျီးရီးယား ပွဲမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ပဲ ရှိနေရာက ပွဲချိန် ၇၉ မိနစ်မှာ ပေါ့ဘာက အဖွင့်ဂိုးသွင်းလိုက် လို့ ပြင်သစ်တို့ ဂိုးစရသွားပါတယ်။ နောက် ပွဲပြီးချိန် မိနစ် ၉၀ မှာ နိုင်ဂျီးရီးယားက ယိုဘိုနဲ့ ထိပြီး ကိုယ့်ဂိုးကိုယ်သွင်းလိုက်သလိုဖြစ်သွားပြီး နိုင်ဂျီးရီးယားတို့ ရှေ့တဆင့် တက်နိုင်ရေးအိပ်မက် လုံးလုံးပျက်သွားခဲ့ရပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ပြင်သစ် ကွင်းလယ်သမား ပေါ့ဘာ ရရှိသွားပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုကို သုံးကြိမ်ရယူထားနိုင်ခဲ့တဲ့ ဂျာမနီနဲ့ အယ်လ်ဂျီးရီးယားတို့ ပွဲမှာတော့ ဂျာမနီက အလွယ်တကူနဲ့ အနိုင်ရခဲ့တာတော့မဟုတ်ပါဘူး။  ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့လို့ အချိန်ပိုကန်ခဲ့ကြရပြီး ပွဲချိန် ၉၂ မိနစ်မှာ ဂျာမနီက အန်ဒရီ ရှယူလာက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် မိနစ် ၁၂၀ မှာ အိုဇေး နောက်ထပ် ၁ ဂိုး သွင်းယူနိုင်လို့ ဂျာမနီတို့ ၂ ဂိုးရသွားပါတယ်။  အယ်လ်ဂျီးရီးယားတို့ ပွဲသိမ်းဂိုးအဖြစ်  ဂျဘိုက  ဂျာမနီဘက်ကို ချေပဂိုးတလုံး ပြန်သွင်းယူနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ဂျာမနီတို့ အောင်ပွဲခံသွားခဲ့ပါတယ်။ ဒီကနေ့ညမှာတော့ ၁၆ သင်းရှုံးထွက် နောက်ဆုံးပွဲစဉ်အဖြစ်  ဗိုလ်စွဲမယ်လို့ ရေပန်းစားနေတဲ့ မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းနဲ့ ဥရောပက ဆွစ်ဇာလန်အသင်းတို့ တွေ့ကြမှာပါ။ ပြီးခဲ့တဲ့ အုပ်စုတွင်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိဘဲ အုပ်စုဗိုလ်အဖြစ် တက်လာတဲ့ အာဂျင်တီးနားအသင်းနည်းပြ ဆာဘယ်လာကတော့ ၄ ဂိုးသွင်းထားတဲ့ မက်ဆီအပေါ်မှာ မူတည်နေတယ်လို့ ပြောပါတယ်။ “မက်ဆီဟာ ကမ္ဘာ့ဖလားပွဲမှာ အကောင်းဆုံးခြေစွမ်းပြနေပါတယ်။ ဒါဟာ ကျနော်တို့ အားလုံးမျှော်လင့်ထားခဲ့သလို၊ သူကိုယ်တိုင်မျှော်လင့်သလို၊ သူရဲ့ အသင်းဖော်တွေ မျှော်လင့်လားသလိုဖြစ်တဲ့အပြင် အာဂျင်တီးနားပြည်သူတွေအားလုံး မျှော်လင့် ထားခဲ့သလိုဖြစ်နေတာပါလို့ ကျနော်အနေနဲ့ ယေဘုယျအားဖြင့် အသင်းအတွက် ရော မက်ဆီအတွက်ပါ အရမ်းကျေနပ်ပါတယ်။ သူဟာ ကျနော်တို့ရဲ့ အဓိက ကစားသမားဆိုတာ ရှင်းပါတယ်။ မာရာဒိုနာဟာ အာဂျင်တီးနားအတွက် အဓိက ကစားသမားဖြစ်ခဲ့သလို မက်ဆီလည်း အဓိကအားထားရတဲ့ ကစားသမားပါ” လို့ ပြောပါတယ်။ ပြည်တွင်းက အိုလံပစ်အားကစားဂျာနယ် အယ်ဒီတာ ကိုဟိန်းသန့်ကတော့ အာဂျင်တီနားက ဆွစ်ဇာလန်ကို အလွယ်တကူနဲ့ အနိုင်မရနိုင်ဘူးလို့ ပြောပါတယ်။ “ရှေ့မှာကစားသွားတဲ့ ပွဲတွေကိုကြည့်မယ်ဆိုရင် အာဂျင်တီးနား ဆွစ်ဇာလန်အသင်းကို လွယ်လွယ်နဲ့တော့ မနိုင်ပါဘူး။ ဆွစ်က စုစည်းမှုကောင်းပြီး နည်းပြပိုင်းကလည်း အတွေ့အကြုံရှိတယ်။ အာဂျင်တီးနား ခက်ခက်ခဲခဲ ကစားရဖို့ များမယ်လို့ ထင်ပါတယ်။ နည်းစနစ်ပိုင်းနဲ့ တဦးချင်းအရည်အသွေးမှာတော့ အာဂျင်တီးနားက သာတယ်လို့ ပြောလို့ရမယ်။ ဆွစ်ဇာလန်ကတော့ စိတ်ဓာတ်ရှိတယ်၊ အသင်းလိုက်ကစားပုံကောင်းတယ်၊ ဒါပေမယ့် ခံစစ်ပိုင်းမှာတော့ နည်းနည်းအားနည်းတယ်။” ဆွစ်ဇာလန်နဲ့ ကစားမယ့် ရှုံးထွက်အဆင့် ပွဲစဉ်မှာ  တိုက်စစ်မှူး အဂွါရိုဟာ ကြွက်သား ဒဏ်ရာရှိနေတဲ့အတွက် ပွဲဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ အာဂျင်တီးနားအသင်း ဆရာဝန်က ပြောပါတယ်။ နိုင်ဂျီးရီးယားကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး အာဂျင်တီးနားအတွက် ထိုးနှက်ချက်လို့  ပြောရမှာပါ။ ဆွစ်ဇာလန်နဲ့ပွဲမှာ အဂွါရိုအစား တိုက်စစ်မှူးတွေဖြစ်တဲ့ လာဗက်ဇီ ဒါမှမဟုတ် ပါလာစီယိုကို အစားထိုး အသုံးပြုဖွယ် ရှိနေပါတယ်။ နောက်အကြိတ်အနယ် ရှိမယ့် ပွဲကတော့ အမေရိကန်နဲ့ ဘယ်လ်ဂျီယံတို့ပွဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်နဲ့ပတ်သက်ပြီး အိုလံပစ်အားကစားဂျာနယ် အယ်ဒီတာ ကိုဟိန်းသန့်က ခုလိုသုံးသပ်ပါတယ်။ “ဒီနှစ်သင်းက ခြေစွမ်းပိုင်းချင်း သိပ်မကွာဘူး။ နာမည်ကြီး ကစားသမားပိုင်းမှာတော့ ဘယ်လ်ဂျီယံက သာတယ်။ အမေရိကန်ကျတော့ အသင်းလိုက်အားကို စုစည်းထားတဲ့အသင်းမျိုးဖြစ်တော့ ဒီပွဲက အကြိတ်အနယ် ဖြစ်ဖို့ များတယ်။” ဂျာမနီလက်ရွေးစင်ဟောင်း အမေရိကန် နည်းပြ ကလင်းစမန်းက  ဘယ်လ်ဂျီယံနဲ့ပွဲမှာ  အယ်လ်ဂျီးရီးယား ဒိုင်ကို တာဝန်ပေးတာနဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖဘားပွဲမှာတုန်းက အယ်လ်ဂျီးရီးယားကို အမေရိကန်က နောက်ကျဂိုးနဲ့ အနိုင်ယူခဲ့ဖူးတဲ့အတွက် ဖြစ်ကြောင်း သူကဆိုပါတယ်။ ဒါပေမယ့် အယ်လ်ဂျီးရီးယားဒိုင်အနေနဲ့ အရင် ၂ ပွဲတုန်းကလိုပဲ အပြည့်အ၀ ဆက်ပြီး တာဝန်ထမ်းဆောင်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ဘယ်လ်ဂျီယံအသင်း နည်းပြ ဝေမော့စ်ကတော့ အောင်မြင်မှုတွေ  ဆာလောင်နေတယ်လို့  ပြောဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ ဘယ်လ်ဂျီယံတို့ ထဲက နိုင်တဲ့အသင်းဟာ ကွာတားဖိုင်နယ်မှာ အာဂျင်တီးနား ဒါမှာမဟုတ် ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up