ပြင်သစ်-နိုင်ဂျီးရီးယား၊ ဂျာမနီ-အယ်လ်ဂျီးရီးယား (သုံးသပ်ချက်)

ပြီးခဲ့တဲ့ ညက ကန်ခဲ့တဲ့ ၁၆ သင်းရှုံးထွက်ပွဲစဉ်တွေမှာ နယ်သာလန်က မက္ကစီကို အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ကွာတားဖိုင်နယ် အဆင့်ကိုတက်သွားပြီ ဖြစ်ပါတယ်။ပထမပိုင်းမှာ ဂိုးမရှိသရေကျနေရာက ဒုတိယ ပိုင်းပွဲချိန် ၄၈ မိနစ်မှာ မက္ကစီကိုက စန်တို့စ် ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေရာက ပွဲချိန် ၈၈မိနစ်မှာ ရှနိုင်ဒါက ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ WORLD CUP -30နောက်တခါ မိနစ် ၉၀ အပြီး နာကျင်ချိန်မှာ ဂိုးဧရိယာထဲ ဘောလုံး ဆွဲပြေးလာတဲ့ ရော်ဘင်ကို မက္ကစီကို အသင်းနောက်ခံလူတွေက လူချတယ်ဆိုပြီး ဒိုင်က ပင်နယ်တီပေးခဲ့လို့ ဟန်တယ်လ်လာက ကန်သွင်းရာမှာ ဂိုးဝင်သွားပြီး နယ်သာလန် အသင်းကွာတာဖိုင်နယ် တက်သွားခဲ့တာဖြစ်ပါတယ်။ နောက် ဂရိနဲ့ ကော်စတာရီကာ တို့ပွဲမှာတော့ ၁ ဂိုးစီ သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ်ကန်ရာမှာ ကော်စတာရီကာက ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရလို့ ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီညမှာတော့ ပထမပွဲစဉ်အဖြစ် ပြင်သစ်နဲ့ နိုင်ဂျီးရီးယား၊ ဒုတိယပွဲစဉ်ကတော့ ဂျာမနီနဲ့ အယ်လ်ဂျီးရီးယား အသင်းတို့ ယှဉ်ပြိုင်ကစားကြဖို့ ရှိပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာ ခြေစွာနေတဲ့ ပြင်သစ်အသင်း ခေါင်းဆောင် ဟူဂိုရော်ရက်စ် က“ဒီကမ္ဘာ့ဖလားပြိုင်ပွဲကြီး မစတင်ခင်ကတော့ ကျနော်တို့အသင်းကို အနိုင်ရမယ့် အသင်းအဖြစ် ဘယ်သူမှ မပြောခဲ့ကြဘူး၊ ခုတော့ ကျနော်တို့အသင်း အုပ်စုအဆင့်မှာ ကြီးမားတဲ့ အောင်မြင်မှု တချို့ ရလာပါတယ်။ ဒါပေမယ့် ခုတော့ ကျနော်တို့ဟာ ပြိုင်ပွဲသစ်တခုကိုရောက်လာပါပြီ။ ခုမှ တကယ့် ကမ္ဘာ့ဖလားပြိုင်ပွဲစတာပါ။ ပွဲတိုင်းဟာ ခွန်အားစိုက်မှုတွေ စွမ်းအားတွေ အာရုံစူးစိုက်မှုတွေ အများကြီး လိုအပ်နိုင်ပါတယ်။ ခု အရမ်းမြင့်တဲ့အဆင့်ကိုရောက်နေပြီး အရာတိုင်းအတွက် အသင့်ဖြစ်နေဖို့ လိုပါတယ်” လို့ ပြောပါတယ်။ ပြင်သစ်အသင်း နည်းပြ ဒက်စ်ချမ့်စ်ကတော့ နိုင်ဂျီးရီးယား ရှေ့တန်းတိုက်စစ်မှူးတွေကို သတိထားဖို့ လိုတဲ့အကြောင်း၊ နိုင်ဂျီးရီးယားမှာ မြန်တဲ့ ရှေးတန်းတိုက်စစ်မှူး ၃ ယောက်ရှိပြီး နောက် ဂိုးတွေအများကြီး သွင်းထားတဲ့ မူဆာလို အရမ်းမြန်ပြီး ကောင်းတဲ့ ကစားသမားတွေရှိ တယ်လို့ ပြောပါတယ်။ ပြင်သစ်နဲ့ နိုင်ဂျီးယားအသင်းတို့ ပွဲစဉ်နဲ့ ပတ်သက်ပြီး ၀ါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး ပျဉ်းမနားက ခုလိုသုံးသပ်ပါတယ်။ “ပြင်သစ်ပဲ နိုင်မှာပဲ။ ဒါပေမယ့် အကြိတ်အနယ်တော့ ရှိမယ်။ နိုင်ဖို့က ပြင်သစ်အားသာတယ်။ ဒီနှစ်ကတော့ ပြင်သစ်က မထင်မှတ်ပဲ ကောင်းလာတဲ့အသင်းလို့ ပြောရမှာပဲ။ ကစားပြီးသမျှပွဲတွေမှာ သူတို့ဟာ ကြိုးစားမှုရှိတယ်၊ ဂိုးသွင်းသေချာတယ်၊ တသင်းလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကစားနိုင်တယ်။ အဲဒီကောင်းကွက်တွေရှိတယ်။” နို်င်ဂျီးရီယားအသင်းကတော့ နိုင်ဂျီးရီးယားနိုင်ငံမှာ လိုအပ်နေတဲ့ ညီညွှတ်ရေးကို ဘောလုံး အားကစား ကနေ ပြန်လည်ယူဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အယ်လ်ဂျီးရီးယားနဲ့ ကန်ရဖို့ရှိတဲ့ ဂျာမနီအသင်းကတော့ ဘောလုံးအဆင့်အတန်းကို ပြသဖို့ အဆင်သင့် ဖြစ်နေပြီလို့ အသင်းခေါင်းဆောင် ဖိလစ်လန်းစ်က ပြောဆိုလိုက်ပါတယ်။ “အယ်လ်ဂျီးရီးယားဟာ အလွယ်တကူအနိုင်ရမယ့် ပြိုင်ဘက်တော့ မဟုတ်ဘူး။ သူတို့ ကျနော်အတွက် ခက်ခဲအောင် လုပ်ချင်မှာပါ။ သူတို့ အရှုံးခံမှာ မဟုတ်ဘဲ ဂိုးမပေးရအောင် အတူတကွ ခံစစ်ကစားကြမယ်။ ဘောလုံးမဆုံးရှုံးဖို့ အဖျက် ကစားတာ ပိုကြိုက်လိမ့်မယ်။ ဂျာမနီအတွက် သက်သာမယ့် အသင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဘာလုပ်နိုင်မလဲကြည့်မယ်။ အားကြိုးမန်တက် ထိုးဖောက် ကစားမယ်၊ အားကြိုးမန်တက် ခုခံကာကွယ်ကစားမယ်ပြီးရင် ဂျာမနီရဲ့ ဘောလုံးအဆင့်အတန်း ဘယ်လိုလဲဆိုတာ ရိုးရိုးလေးပြကြတာပေါ့။” အယ်လ်ဂျီးရီးယား-ဂျာမနီပွဲစဉ်နဲ့ ပတ်သက်ပြီး ၀ါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး ပျဉ်းမနားက အခုလို သုံးသပ်ပါတယ်။ “ဂျာမနီကလည်း ဒီနှစ်ထဲမှာ ချန်ပီယံဖြစ်နိုင်တယ်လို့ တကမ္ဘာလုံးကနေ ထင်မှတ်ထားပါတယ်။ ဒါတင်မက မူလာတို့လို ကစားသမားကောင်းတွေကလည်း ရှိနေတယ်။ သူတို့က အတွေ့အကြုံကလည်း များတယ်။ ဒါပေမယ့် ခြေစစ်ပွဲတွေမှာ သူက သရေကျတာတို့ ဘာတို့နဲ့ဆိုတော့ ကြိုးစားတော့ ကစားရမှာပဲ။ ပွဲဆိုတာ ပြောလို့မရဘူး။ ဒါပေမယ့် နိုင်ခြေရှိတာကတော့ ဂျာမနီပဲ။ အလွန့်အလွန် အချိန်ပိုပါပဲ။ ပင်နယ်တီကျရင်လည်း ဂျာမနီပဲ နိုင်သွားမှာပါ။” အယ်လ်ဂျီးရီးယားအသင်းအနေနဲ့ကတော့ ရှုံးထွက်ပြိုင်ပွဲဖြစ်တဲ့အလျာက် ဂျာမနီကို ရှိသမျှအင်အား အစွမ်းကုန်ထုတ်ပြီး ကြံ့ကြံ့ခံ ကစားသွားမှာဖြစ်ပြီး ဒီအသင်းရဲ့ အောင်မြင်မှုဟာ အာရပ်ကမ္ဘာရဲ့ မျှော်လင့်ချက်ကို ဖြည့်စွမ်းပေးရာရောက် မှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up