အမေရိကန်ကို အပြင်းအထန် တိုက်ခိုက်သွားမည်ဟု ရှီးယားစစ်သွေးကြွခေါင်းဆောင်ပြော

၂၀၀၈ ခုနှစ် မတိုင်ခင်က အီရတ်နိုင်ငံမှာ အမေရိကန်တွေကို တိုက်ခိုက်တွန်းလှန်ရာမှာ နာမည်ကြီးခဲ့တဲ့ ရှီးယားစစ်သွေးကြွ မယ်ဒီ(Mehdi)တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင် မော်တာဒါ အယ်လ် ဆက်ရ် (Moqtada al-Sadr) က အမေရိကန်တွေကို အရင်က တိုက်ခိုက် တွန်းလှန်ခဲ့သလို အပြင်းအထန်တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ဇွန် ၂၅ ရက်နေ့က ပြောဆိုပါတယ်။ Iraqသူရဲ့ မယ်ဒီတပ်တွေဟာ အိုင်အက်စ်အိုင်အယ်လ်တပ်တွေနဲ့ ဆွန်နီသူပုန်တွေကို အီရတ်စစ်တပ်နဲ့ ပူးတွဲတိုက်ပွဲဝင်မှာ ဖြစ်ပေမယ့် အီရတ်လူမျိုးစုတွေ အားလုံးကို ကိုယ်စားပြုတဲ့ အစိုးရသစ် အရင် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ဇွန် ၂၅ ရက်နေ့က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။ မော်တာဒါ အယ်လ် ဆက်ရ်ဟာ အီရတ်ဝန်ကြီးချုပ် မာလီကီကို ဆန့်ကျင်သူတဦးဖြစ်ပြီး ဘဂ္ဂဒက်မြို့နဲ့ အီရတ်နိုင်ငံတောင်ပိုင်းမှာ အမေရိကန်တပ်တွေကို တိုက်ခိုက်မှုတွေမှာ အစွမ်းထက်ခဲ့ပါတယ်။ ဆွန်နီအပါအ၀င် အီရတ်လူမျိုးစုငယ်တွေနဲ့ ဆက်ဒမ်ဟူစိန်ရဲ့ ဘာဘ့်ပါတီလက်ကျန် တွေဟာ ၀န်ကြီးချုပ် မာလီကီရဲ့ အစိုးရသစ်မှာ ဘေးဖယ်ခံထားရပြီး ဆွန်နီအုပ်စုဟာ အိုင်အက်စ်အိုင်အယ်လ်တပ်တွေနဲ့ ပူးပေါင်းပြီး အီရတ်အစိုးရကို တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။ ဧပြီလရွေးကောက်ပွဲမှာ မာလီကီဟာ တတိယမြောက်ဝန်ကြီးချုပ်သက်တမ်းအတွက် ထပ်မံ အရွေးခံခဲ့ရပြီး သူကို ထောက်ခံသူတွေနဲ့ပဲ အစိုးရသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် မိုဆူးလ်မြို့ သူပုန်တွေလက်အောက် ကျရောက်ခဲ့ပြီးနောက်ပိုင်း အခြေအနေ ပြောင်းလဲသွားခဲ့ပြီး မာလီကီကို ၀န်ကြီးချုပ်နေရာကနေ ဖယ်ပေးဖို့ အီရတ်ပြည်တွင်းခေါင်းဆောင်တွေနဲ့ ပြည်ပခေါင်းဆောင်တွေပါ လိုလားနေကြပါတယ်။ မာလီကီကတော့ အခု အီရတ်အရေးမှာ သူကလွဲရင် ဖြေရှင်းပေးနိုင်သူ မရှိဘူးဆိုပြီး ၀န်ကြီးချုပ်ရာထူးကနေ ဖယ်ပေးဖို့တောင်းဆိုမှုတွေကိုလည်း ငြင်းဆန်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up