ပါကစ္စတန်ရှိ ပက်ရှဝါလေဆိပ် တိုက်ခိုက်ခံရ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

790
ပါကစ္စတန်နိုင်ငံမြောက်ပိုင်းက ပက်ရှဝါ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဇွန် ၂၄ ရက်နေ့ညက ခရီးသည်တင်လေယာဉ်တစင်းကို သေနတ်သမားတွေရဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခရီးသည်အမျိုးသမီးတဦး သေဆုံးခဲ့ပြီး လေယာဉ်ဝန်ထမ်း ၃ ဦး ဒဏ်ရာ ရရှိသွားကြပြီး လေယာဉ်မှူးလည်း ကျည်ဆံနဲ့ သီသီလေး ကပ်လွတ်ခဲ့တယ်လို့ ဆိုပါတယ်။
ခရီးသည် ၁၇၈ ဦးနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံကနေ ထွက်ခွာတဲ့လေယာဉ် ဖြစ်ပြီး လေယာဉ်ဆင်းခါနီးမှာ အပစ်ခံရတာ ဖြစ်ပါတယ်။ လေယာဉ်အင်ဂျင်လည်း အနည်းဆုံး ကျည်ဆံတချက်ထိမှန်ခဲ့တယ်လို့ လေဆိပ်ရဲအရာရှိတဦးက ဆိုပါတယ်။
ဇွန်လ ၁၅ ရက်က စတင်ပြီး တာလီဘန်တွေကို ပါကစ္စတန်လေတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာမှာ တာလီဘန်တွေရဲ့တန်ပြန်တိုက်ခိုက်မှုတွေကို ပါကစ္စတန်စစ်တပ် ပြင်ဆင်ထားရဲ့လားဆိုတာ မေခွန်းထုတ်နေကြပါတယ်။
အခု တိုက်ခိုက်မှုပါဆိုရင် ပါကစ္စတန်လေကြောင်းသယ်ယူပို့ဆောင်ရေးကို တာလီဘန်တွေ တိုက်ခိုက်မှု ၁ လအတွင်း ၃ ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဇွန် ၈ ရက်နေ့က ပါကစ္စတန်နိုင်ငံရဲ့ အဓိကလေဆိပ်ကြီးဖြစ်တဲ့ ကရာချီလေဆိပ်ကို သေနတ်သမား ၁၀ ဦး ၀င်ရောက်စီးနင်းခဲ့ပြီး လူအားလုံး ၃၄ ဦး သေဆုံးခဲ့ပါတယ်။ ၂ ရက်အကြာမှာပဲ ကရာချီလေဆိပ်လုံခြုံရေးတွေ ထပ်မံ တိုက်ခိုက်ခံခဲ့ ရပါတယ်။
ပက်ရှဝါလေဆိပ်ဟာ ၂၀၁၂ ခုနှစ်ကလည်း အသေခံတိုက်ခိုက်ခံခဲ့ရဖူးပြီး တိုက်ခိုက်သူတွေ အပါအ၀င် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
