Home
ဆောင်းပါး
ကျနော်တို့က ဒုက္ခသည်အဖြစ် ခံယူချင်တာ မဟုတ်ဘူး
နော်နိုရင်း
·
June 20, 2014
“၁ မိနစ်မှာ ကမ္ဘာတ၀ှမ်းက လူ ၈ ယောက်နှုန်း သူတို့အိမ်တွေကို စွန့်ခွာထွက်ပြေးနေရ ပါတယ်။ စစ်ပွဲတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ ဝေးအောင်ပေါ့။ ဘယ်သူကမှ ဒုက္ခသည်ဖြစ်ဖို့ မရွေးချယ်ကြပါဘူး။ ဒီနေ့မှာဆိုရင် တမ္ဘာလုံးမှာ လူပေါင်း ၄၃ သန်း အိုးပစ်အိမ်ပစ် ဒုက္ခသည် ဖြစ်နေရပါတယ်။ သူတို့ကို အမှတ်ရပေးပါ” လို့  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ သံတမန် ဟောလိဝုဒ် မင်းသမီး အန်ဂျလီနာဂျုလီက ၂၀၁၂ ခုနှစ်က ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပေးပို့ခဲ့တဲ့  သတင်းစကားလေးပဲဖြစ်ပါတယ်။ [caption id="attachment_49756" align="alignright" width="300"]ကချင် စစ်ဘေးရှောင် ဒုက္ခသည် စခန်း ကချင် စစ်ဘေးရှောင် ဒုက္ခသည် စခန်း[/caption] ဒီနေ့ဟာ ကမ္ဘာ့ဒုက္ခသည်နေ့ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတ၀ှမ်းမှာ စစ်ပဋိပက္ခကြောင့် လူပေါင်း ၅၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ အစီ ရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၀၃ ခုကစပြီး လူပေါင်း ၇၅၀၀၀ လောက် နှစ်စဉ်လို နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ထိုင်းမြန်မာနယ်ခြားကော်မတီ TBC က ရေးသားဖော်ပြ ထားပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာတော့ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိနေပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲနီးပါး ခိုလုံနေကြရပြီး အများစုက ကရင် ဒုက္ခသည်တွေကအများစု ဖြစ်ပါတယ်။ တကယ်တော့ ဒုက္ခသည်တွေဟာ  သူတို့ကိုယ်သူတို့ ဒုက္ခသည်တွေအဖြစ်  ခံယူလိုသူတွေတော့  မဟုတ်ကြပေမယ့် ခေတ်စနစ်ရဲ့  ဆိုးမွေကို  ဆက်ခံခဲ့ကြရတဲ့ သားကောင်တွေပဲဖြစ်ပါတယ်။ မယ်လ ဒုက္ခသည်စခန်းက ကရင်ဒုက္ခသည် တဦးက “ကျနော်တို့က ဒုက္ခသည်အဖြစ် ခံယူချင်တာ မဟုတ်ဘူး။ ခံယူထိုက်တဲ့ အရာလည်း မဟုတ်ဘူး။ သို့သော် အကြောင်းကြောင်းကြောင့် ဒုက္ခရောက်ပြီးတော့ ဒီနေရာမှာ ရပ်တည်နေရတယ်။ ဒုက္ခသည်အဖြစ် နေတဲ့အခါမှာ ဂုဏ်သိက္ခာ မရှိဘူး။ အဲဒီတော့ လူတွေကလည်း မလေးစားဘူး၊ ဂရုမစိုက်ဘူးပေါ့နော်။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ ကမ္ဘာ့ဒုက္ခသည်နေ့ ဆိုပြီး အခမ်းအနား လုပ်ပေးတာ။  လျစ်လျူရှုနေတဲ့ လူသားတွေက ကျနော်တို့ကို ဂရုစိုက်စေတယ်။ တလေးတစား  ဆောင်ရွက်ပေးတယ် လေ။ ကျနော်တို့ အဆင့်နိမ့်ပြီးတော့ ဂုဏ်သိက္ခာမရှိတဲ့ ဒုက္ခသည်တွေကို ဂရုစိုက်လာတဲ့အတွက် ဘာပဲပြောပြော ကျနော်တို့ စိတ်ချမ်းမြေ့မှု တခုရတယ်” လို့ ပြောပါတယ်။ ထိုင်းမြန်မာနယ်စပ် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာတော့ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့ကို ခါတိုင်းနှစ်တွေကလိုပဲ အခမ်းအနားကို ကျင်းပကြပါတယ်။ ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးတည်ငြိမ်ပြီး တရားမျှတမှုနဲ့ လုံခြုံမှုရှိတဲ့ အချိန်ကမှ ပြန်မှာဖြစ်တယ်လို့ ဒီကနေ့  ကျင်းပတဲ့ အခမ်းနားအတွင်း ပိုစတာကိုင်ဆောင် တောင်းဆိုမှုတွေရှိ ပါတယ်။ ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့  လက်ရှိ စခန်း အတွင်းရေးမှူး၂ နော်ဒေး ဒေးဖိုးကတော့ မြန်မာနိုင်ငံတွင်း တည်ငြိမ်းအေးချမ်းမှု မရှိသေးတဲ့တွက် ပြန်ဖို့ မလွယ်သလို ဒုက္ခသည်တွေရဲ့အနာဂတ်က မရေရာဘူးလို့ ပြောပါတယ်။ “ဒုက္ခသည်တွေရဲ့ ရှေ့ရေးက ဘာမှ ရေရေရာရာ မရှိဘူးဆိုတဲ့အခါကျတော့ ကိုယ့်ရဲ့ ရှေ့ဆက် အနာဂတ်အတွက် ရွေးချယ်ရမယ့် နည်းလမ်းကတော့ ရှာရမှာပေါ့။ လက်ရှိ အခြေအနေကတော့ မြန်မာပြည်မှာ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားဖို့အတွက် အဆင်သင့် မဖြစ်သေးတဲ့အတွက်ကြောင့် ပြန်လို့ မရသေးတဲ့ အခြေအနေမှာ ဖြစ်နေတယ်။ တကယ်လို့ ကိုယ့်တိုင်းပြည်က ငြိမ်းချမ်းသွားမယ်၊ လုံခြုံမှုရှိမယ်၊ အေးချမ်းမယ် ဆိုရင်တော့ ပြန်ချင်ကြမှာပါ။” မြန်မာနိုင်ငံရဲ့မြောက်ပိုင်း  ကချင်ပြည်နယ်မှာတော့ ၂၀၁၁ ခုကနေ အခုချိန်ထိ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူထုသောင်းချီ ထွက်ပြေးခိုလှုံ နေရပါတယ်။ ကချင် ဒုက္ခသည်ကော်မီတီဥက္ကဋ္ဌကော်မတီ ဥက္ကဋ္ဌ ဦးဒွဲဗီဇာကတော့ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည် ၈ သောင်းကျော်ရှိနေပြီး လက်ရှိ မိုးရာသီမှာ အမိုးအကာ နဲ့ ကလေးငယ်တွေရဲ့ ပညာရေး အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ပြောပါတယ်။ “ဒုက္ခသည်တွေက နေရာတကာမှာ နေရေးထိုင်ရေး ခိုလှုံမယ့် အိမ်က မလုံလောက် ဖြစ်နေတယ်။ တချို့မှာဆိုရင် ယာယီတဲတွေတောင် အသစ်ပြန်လဲပေးတာ မရှိပါဘူး။ ကူညီတဲ့ အဖွဲ့တွေလည်း လုပ်တော့ လုပ်နေကြပါတယ်။ သို့သော် အားလုံး လုံလောက်အောင် မလုပ်ပေး နိုင်ဘူး။ မိုးတွင်းဆိုတော့ အားလုံး မလုံမခြုံဖြစ်နေတယ်။ မလုံမခြုံဆိုတာ မိုးရွာ၊ မိုးယိုတာ၊ လေတိုက်တာ နေထိုင်မှု လုံခြုံမှု မရှိတာ ဒါက အခက်အခဲ ဖြစ်နေတယ်။ ကျောင်းဖွင့်ချိန်ဆိုတော့ ကျောင်းသားတွေအတွက် ၀န်ထုတ်ဝန်ပိုးက များနေတယ်။ နေရေး ထိုင်ရေးကအစ ကျောင်းသုံး စာအုပ်တွေ၊ ကျောင်းအဆောင်အဦ မလုံလောက်တာတို့ အခက်အခဲ အများကြီး ရှိပါတယ်။” ၂၀၁၁ ခု ဇွန်လ ၉ ရက်နေ့ကစပြီး ကချင်လူထု ၁ သိန်း ၂ သောင်းကျော် မိမိနေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ရွာပေါင်း ၂၀၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ ကချင် လူမှုအဖွဲ့အစည်းတွေ လဆန်းပိုင်းတုန်းက အစီရင်ခံ ထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားတပိုင်းအစိုးရတက်လာပြီး တဖက်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေသလို နိုင်ငံရေးနဲ့ လူမှုစီးပွားဘ၀တွေ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်  သေနတ်သံတွေ တိတ်မသွားသေးဘဲ စစ်ဘေးဒုက္ခသည်တွေက ထပ်တိုးလာမြဲ တိုးလာဆဲပဲဖြစ်ပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ် အပါအ၀င် ဒေသတချို့မှာ  လူမျိုးရေး၊ ဘာသာရေး  အကြမ်းဖက်မှုတွေကြောင့်ရဲ့ နောက်ဆက်တွဲ အကျိုးရလဒ်အဖြစ်  ပဋိပက္ခ ဘေးဒုက္ခသည်တွေလည်း သိန်းနဲ့ချီ ပေါ်ပေါက်လာခဲ့ပါတယ်။ တကမ္ဘာလုံးက  ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံသူတွေနဲ့ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအရေအတွက်ကတော့ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း  ပထမဆုံးအကြိမ် အဖြစ် သန်း ၅၀ အရေအတွက်ဟာ ပိုများလားတယ်လို့ ယူအန်အိပ်ခ်ျစီအာက ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီလို များပြားလာနေတဲ့  ဒုက္ခသည်တွေအတွက် ကမ္ဘာကြီးဟာ ၀န်ထုတ်ဝန်ပိုး ဖြစ်နေ သလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေအတွက်လည်း ဒုက္ခသည်တွေအရေး  ကူညီပေးဖို့ တနေ့တခြား ခေါင်းခဲစရာဖြစ်လာနေတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာ အပါအ၀င်  ဒုက္ခသည်တွေ အရေးမှာ တာဝန်အရှိဆုံး အစိုးရတွေ အနေနဲ့ ဒီပြဿ   နာကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးဖို့ အထူးသဖြင့် ဒုက္ခသည် အဖြစ်မွေး ဖွားလာပြီး ဒုက္ခသည်အဖြစ် ကြီးပြင်းလာခဲ့ကြတဲ့ ဒုက္ခသည် ကလေးငယ် မျိုးဆက် သစ်တွေရဲ့ အနာဂတ်တွေ လှပစေဖို့ အဆောတလျင် ဆောင်ရွက်ပေးဖို့ အချိန်ကျ ရောက်ပြီဖြစ်တဲ့ အကြောင်း တင်ဆက်လိုက်ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024