အင်္ဂလန်အနိုင် ဂိုးမပြတ်

643
ကမ္ဘာ့ဖလားဘောလုံးပွဲ အုပ်စုတွင်း ဒုတိယပွဲတွေ ဆက်လက်ယှဉ်ပြိုင် ကစားနေပြီး ဒီည ကစားမယ့်ပွဲတွေထဲ မြန်မာပရိသတ်အကြိုက် အင်္ဂလန်အသင်း ကစားမယ့်ပွဲလည်း ပါပါတယ်။
ဇွန် ၁၉ ရက်နေ့ ည ၁၀နာရီခွဲမှာ ကစားမယ့် အစောဆုံးပွဲကတော့ အုပ်စု(ဂ)မှာ ၃ မှတ်စီ ရထားတဲ့ ကိုလံဘီယာနဲ့ အိုင်ဗရီကိုစ်တို့ပွဲ ဖြစ်ပြီး ဒီနှစ်သင်းကတော့ အုပ်စုပထမရဖို့ ကြိုးစားကစားကြမှာ ဖြစ်ပါတယ်။
မနက် ၁ နာရီခွဲမှာ ကစားမယ့် အင်္ဂလန်နဲ့ ဥရုဂွေးတို့ပွဲကတော့ ရှုံးပွဲကိုယ်စီနဲ့ အမှတ် မရသေးတဲ့ ၂ သင်း ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ရမှ အုပ်စုတက်ဖို့ အခြေအနေ ကောင်းမှာ ဖြစ်လို့ ခြေစွမ်းအကုန်ထုတ်ကစားကြဖို့ ရှိပါတယ်။
ရန်ကုန်အခြေစိုက် အားကစားအယ်ဒီတာ ဦးစိုးညီကတော့ အင်္ဂလန် နိုင်မယ် ဂိုးမပြတ်လောက်ဘူးလို့ သုံးသပ်ပါတယ်။
“ကျနော်ဒီကနေ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းကို ပိုကြိုက်မိပါတယ်။ ဥရုဂွေးအသင်းမှာ ဆွာရက် အပါအ၀င် နာမည်ကြီးကစားသမားအချို့ရှိပေမယ့် ဥရုဂွေးအသင်းက လူဟောင်းတွေကို အခြေခံလွန်းတယ်။ ဥရုဂွေးအသင်း ကစားဟန်ရော ကစားသမားတွေရော အကျပိုင်းကို ရောက်နေတယ်လို့လည်း ကျနော်ထင်ပါတယ်။ အင်္ဂလန်အသင်းကတော့ အပြောင်းအလဲလေးတွေ လုပ်ထားတယ်။ လူငယ်အချို့လည်း ပါတယ်။ ပွဲဦးထွက်မှာ အီတလီအသင်းကို ရှုံးခဲ့တယ်ဆိုပေမယ့် အင်္ဂလန်အသင်း ကစားပုံ အထိုက်အလျှောက် ကောင်းခဲ့တာ တွေ့ရပါတယ်။ အဲဒီတော့ ဒီညပွဲမှာ အင်္ဂလန်အသင်းကို ပိုကြိုက်မိပါတယ်။ ဒီညပွဲမှာ ဘယ်အသင်းပဲ နိုင်နိုင် ဂိုးပြတ်မယ်လို့တော့ ကျနော်မထင်ဘူးခင်ဗျ။ အင်္ဂလန်အသင်း နိုင်သွားခဲ့လို့ရှိရင်လည်း ဂိုးကွာခြားချက်နည်းနည်းနဲ့ပဲ နိုင်သွားမယ်လို့ ထင်ပါတယ်။”
မနက် ၄ နာရီခွဲမှာတော့ အုပ်စု(ဂ)က နိုင်ပွဲ မရှိသေးတဲ့ ဂျပန်နဲ့ ဂရိတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ပထမပွဲခြေစွမ်းတွေအရ ဂျပန်အသင်း နှာတဖျားအသာနဲ့ အနိုင်ရနိုင်တယ်လို့ သုံးသပ်ချက် ထွက်ပေါ်နေပါတယ်။
