နိုင်ငံခြားငွေလုပ်ငန်း လိုင်စင်ကြေး နှုန်းထား တိုးမြှင့်
DVB
·
June 18, 2014
လာမယ့် ဇူလိုင် ၁ ရက်နေ့ကစပြီး ဗဟိုဘဏ်ဟာ ပုဂ္ဂလိကဘဏ်တွေကို ကောက်ခံနေတဲ့ နိုင်ငံခြားငွေလုပ်ငန်း လိုင်စင်ကြေးအသစ် သတ်မှတ် ကောက်ခံမယ့်အပြင် နိုင်ငံပိုင်ဘဏ် တွေဆီကနေလည်း တပြေးညီ ကောက်ခံမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
နှုန်းထားအသစ် သတ်မှတ်လိုက်တာတွေကတော့ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားတဲ့ ဘဏ်တွေအတွက် လုပ်ငန်း ကနဦး လိုင်စင်ကြေး ကျပ် သိန်း ၂၀၊ ၅ နှစ် ၁ ကြိမ် သက်တမ်းတိုးကြေး ကျပ် ၃ သိန်း ၊ လုပ်ငန်းတိုးချဲ့ခြင်း ကျပ် ၁ သိန်းနဲ့ လိုင်စင် သက်တမ်းတိုး နောက်ကျကြေး ဒဏ်ငွေ ကျပ် ၅ သောင်း သတ်မှတ်ထားပါတယ်။
အရင်က ကနဦး လုပ်ငန်းလိုင်စင်ကြေးဟာ ကျပ် ၅ သိန်းပဲ ဖြစ်ပြီး အခု ၄ ဆ လောက် တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်လိုတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကတော့ ကနဦး မှတ်ပုံတင်ကြေး ကျပ် ၁၀ သိန်းနဲ့ ၅ နှစ် ၁ ကြိမ် သက်တမ်းတိုးကြေး ကျပ် ၂ သိန်း သတ်မှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။