Home
မြန်မာသတင်း
မြန်မာ့လျှပ်စစ်စွမ်းအင်အတွက် လမ်းပြမြေပုံ အမေရိကန်ကုမ္ပဏီ ကူညီ
DVB
·
June 18, 2014
အမေရိကန်အခြေစိုက် ဂျီအီးကုမ္ပဏီက မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်စနစ်အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ လမ်းပြမြေပုံတခုကို ပေးဝေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ အဆိုပါ ကုမ္ပဏီက ဇွန် ၁၇ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်မှာ ဇွန်လ ၁၇ ရက်နေ့က ကျင်းပတဲ့ Moving Forward to Power up Myanmar ဆွေးနွေးပွဲမှာ ခုလို ပေးအပ်လိုက်တာဖြစ်ပါတယ်။ General Electric photoဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ဂျီအီးကုမ္ပဏီရဲ့ အာဆီယံဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် စတွက်တ် ဒိမ်းက “ဂျီအီးအနေနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန (အမ်အိုအီးပီ)နဲ့ ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးအဖွဲ့ (၀ိုင်အီးအက်စ်ပီ)က အင်ဂျင်နီယာတွေနဲ့ ပူးပေါင်း လုပ်ကိုင်ဖို့ အခွင့်အရေးရရှိခြင်းနဲ့ Moving Forward to power Up Myanmar’s Seminar မှာ ကျနော်တို့ရဲ့ ကျွမ်းကျင်မှုတွေကို မျှဝေခွင့်ရတဲ့အတွက်လည်း အလွန်ဝမ်းမြောက်မိပါတယ်။ ဒီ ဆွေးနွေးပွဲကနေ လူ့စွမ်းအားမြှင့်တင်ရေးအတွက် ရေရှည် ဆက်လက် လုပ်ဆောင်သွားမယ်ဆိုတာကိုလည်း ဖော်ပြနေပါတယ်။ နိုင်ငံတွင်းက အခြေခံအဆောက် အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ကာလတွေမှာ အစိုးရနဲ့ ပြည်တွင်းက လုပ်ဖော်ကိုင်ဖက်တွေကို ကူညီပေးရင်းနဲ့ တဖက်တလမ်းကနေ ပါဝင်ဆောင်ရွက်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒီ့ပြင် GE Energy Consulting က လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန (အမ်အိုအီးပီ) နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီ seminar မှာ ဂျီအီးရဲ့ ဆယ်စုနှစ်ကြာ ကမ္ဘာတ၀ှမ်း အတွေ့အကြုံတွေကနေ ရရှိခဲ့တဲ့ ပြီးပြည့်စုံတဲ့ ရှာဖွေတွေ့ရှိမှုတွေကိုလည်း ပေးလိုက်နိုင်ကြောင်း၊ ဒါတွေက နိုင်ငံရဲ့ စွမ်းအင်ထောက်ပံ့မှုနဲ့ အခြေခံ အဆောက်အုံတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အဓိကအချက်တွေ ဖြစ်မယ်လို့ မျှော်လင့်ထားကြောင်း အာဆီယံဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ်က ဆက်လက်ပြောဆိုခဲ့ပါတယ်။ ရေအားလျှပ်စစ်ဝန်ကြီးဌာနက ပြည်ထောင်စုဒုဝန်ကြီး ဦးမော်သာထွေးက “ဂျီအီး ရဲ့ လေ့လာတွေ့ရှိမှုတွေကို မျှဝေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိတဲ့အကြောင်းနဲ့ ယခု တွေ့ရှိချက်တွေကိုလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ စွမ်းအင်ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ ထည့်သွင်း ပေါင်းစပ်လုပ်ကိုင်သွားပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဂျီအီးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်နဲ့ ပတ်သက်လို့ ၂၀၁၃ ကနေ ၂၀၂၀ ခုနှစ်အထိ အနာဂတ်ဖြစ်နိုင်တာတွေကို လေ့လာထားရှိပြီး အနာဂတ်မှာ လျှပ်စစ်ထုတ်လွှင့်ခြင်းနဲ့ ထပ်ဆင့်ပေးပို့ခြင်းဆိုင်ရာ စွမ်းရည်တိုးလာစေဖို့အပြင် ယုံကြည်စိတ်ချမှုအတွက်လည်း အထောက်အပံ့ ပေးနိုင်မယ်လို့ အဆိုပါ ကုမ္ပဏီက ပြောပါတယ်။ အခု လေ့လာတွေ့ရှိမှုက Transmission (တဆင့်ပို့ခြင်း) နဲ့ Distribution (ပေးဝေခြင်း) အဆင့်ရှိတဲ့ Standardized Grid Codes ကို သတ်မှတ်နိုင်ခဲ့တာဟာ နည်းပညာနဲ့ နည်းပညာမဟုတ်တဲ့ ဆုံးရှုံးမှုတွေကို လျှော့ချနိုင်မယ်လို့ သိရပါတယ်။ ဒီလေ့လာမှုတွေကနေ ရရှိလာတဲ့ ထောက်ခံအကြံပြုချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေကနေ အကောင်းဆုံးအလေ့အကျင့်တွေကို သင်ယူလေ့လာနိုင်မှာ ဖြစ်သလို အောင်မြင်မှုနဲ့ စိန်ခေါ်မှုတွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလေ့လာမှုတွေထဲမှာ နယ်စွန်နယ်ဖျား လျှပ်စစ်ရရှိရေးနဲ့အတူ နေရောင်ခြည်သုံးစွမ်းအင် ထုတ်လုပ်မှုနဲ့ ဂက်စ်ဖြင့် ဘိုင်အိုမတ်စ်(Biomass) ထုတ်လုပ်ခြင်း နည်းပညာတွေလည်း ပါဝင်လို့ အလှမ်းဝေးတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ စက်မှုဇုန်တွေကို လျှပ်စစ်စွမ်းအား ထောက်ပံ့ပေးနိုင်မယ်လို့ ဂျီအီးကုမ္ပဏီက ဆိုပါတယ်။ နေပြည်တော်မှာ ဇွန် ၄ ရက်ကနေ ၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးမှာ ဂျီအီးကုမ္ပဏီက Power System Engineering နဲ့ ပတ်သက်ပြီး လျှပ်စစ်စွမ်းအင်စနစ်ဆိုင်ရာ အခြေခံတွေ ထုတ်လွှတ်မှု အစီအစဉ်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာအခြေခံပုံစံတွေ ပြန်လည် အသုံးချနိုင်တဲ့ စွမ်းအင်ရင်းမြစ်တွေနဲ့ စွမ်းအင်သိုလှောင်မှု နည်းလမ်းတွေကို အသိပညာ မျှဝေပေးခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ် ရန်ကုန်မှာ ဇွန် ၉ ရက်ကနေ ၁၁ ရက်အထိ ပြုလုပ်ခဲ့တဲ့ ဆွေးနွေး မှာလည်း အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ခွဲဝေဖြန့်ဖြူးခြင်းနဲ့ နည်းပညာခွဲခြမ်းစိတ်ဖြာခြင်းတို့အတွက် အစီအစဉ်ချမှတ်တဲ့ နည်းလမ်းတွေနဲ့ နည်းဥပဒေသတွေကိုလည်း မျှဝေ ဆွေးနွေးခဲ့တယ်လို့ ဂျီအီးကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ ဂျီအီးကုမ္ပဏီအနေနဲ့ ရန်ကုန်မြို့ အလုံမြို့နယ်မှာရှိတဲ့ Natural Gas-fired လျှပ်စစ် ဓာတ်အားပေးစက်ရုံအတွက် GE ရဲ့ Aeroderivative gas turbine နည်းပညာနဲ့ နည်းပညာအကြံပေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးထားပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ်လောက် ထုတ်လွှတ်ပေးလျက်ရှိတဲ့ အဆိုပါစက်ရုံကို စင်ကာပူအခြေစိုက် ကိုယ့်အားကိုယ်ကိုး စွမ်းအင်ထုတ်လုပ်တဲ့ တိုယို ထိုင်းပါဝါ ကော်ပိုရေးရှင် (Toyo Thai Power Corp) က ပိုင်ဆိုင်ထားပြီးတော့ ထွက်ရှိလာတဲ့ လျှပ်စစ်စွမ်းအင်တွေကို မြန်မာနိုင်ငံလျှပ်စစ်ဝန်ကြီးဌာနထံ ပြန်လည် ရောင်းချပေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024