စပိန်နိုင်ငံမြောက်ပိုင်းရှိ အက်စ်တူးရီးယက်စ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တောမီး လောင်ကျွမ်းမှု ၁၂၀ ကျော် ဖြစ်ပွားနေပြီး နာရန်ကို တောင်ပေါ်တဝိုက်မှာ မတ် ၃၁ ရက်က ဆက်လက်လောင်ကျွမ်းနေပါတယ်။
ဒီတောမီးဟာ ဒေသဆိုင်ရာမြို့တော် အိုဗီယေဒို အနီးကို ချဉ်းကပ်လာနေပြီး ဒီဒေသအနှံ့အပြားမှာ လည်း တောမီးလောင်ကျွမ်းမှု ၁၂၁ ခုအထိ ဆက်လက်ဖြစ်ပွားနေကြောင်း အရေးပေါ် အဖွဲ့က ပြီးခဲ့တဲ့သောကြာနေ့မှာ ပြောပါတယ်။
တောမီးလောင်ကျွမ်းမှုအများစုဟာ တမင်တကာ မီးတင်ရှို့သူတွေရဲ့ လက်ချက်ဖြစ်နိုင်သလို တခြားအချက်ကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပြီး အာဏာပိုင်တွေက မတ် ၃၀ ရက်မှာ ပြောကြားထားပါတယ်။
တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ် ရဲ့ နိုင်ငံတော်ခရီးစဉ် အတွင်း ဒီရည်ရွယ်ချက်သာ အတည်ပြုမှန်ကန်တယ်ဆိုရင် လက်သည်တရားခံအနေနဲ့ အပြစ်ပေးအရေးယူခံရမှုကနေ ကင်းလွတ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
စပိန်အရှေ့ပိုင်း ဗလန်စီယာဒေသက တောအုပ်နေရာတွေမှာ စတင်လောင်ကျွမ်းခဲ့ရာက ၉ ရက် ကြာတဲ့အထိ မီးညွှန့် မကျိုးသေးသလို အနောက်မြောက်ပိုင်းက ဂါလီရှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာလည်း နောက်ထပ် တောမီးလောင်ကျွမ်းမှုကြောင့် မြေဟက်တာပေါင်း ၁၁၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
စပိန်နိုင်ငံရဲ့ အရပ်ဘက်ဆိုင်ရာ အစောင့်တပ်ဖွဲ့ကတော့ ဒီမြောက်ပိုင်းဒေသရှိ လူဦးရေ ၃၀၀ ကို ညတွင်းချင်း နေရာရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အက်စ်တူးရီးယက်စ်ဒေသ နေရာအများစုအပြင် ကန်တာဘရီယာ အနီးတစ်ဝိုက်နဲ့ စပိန်မြေထဲ ပင်လယ်ကမ်းရိုးတန်းရှိ နေရာအများအပြားမှာ တောမီးလောင်ကျွမ်းမှု အန္တရာယ် မြင့်မားနေဆဲ ဖြစ်တယ်လို့ သတိပေးထားကြောင်း စပိန်မိုးလေဝသအေဂျင်စီက ပြောကြားထားပါတယ်။
စပိန်နိုင်ငံရဲ့ အပူချိန်ဟာလည်း စံချိန်တင်မြင့်မားနေပါတယ်။