Sunday, June 11, 2023
HomeLead Storyကရာချိတွင် အစားအသောက်ဖြန့် ဝေချိန် လူနင်းခံရမှုကြောင့် ၁၁ ဦး သေဆုံး

ကရာချိတွင် အစားအသောက်ဖြန့် ဝေချိန် လူနင်းခံရမှုကြောင့် ၁၁ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချီမြို့မှာ အစားအစာထောက်ပံ့ရေး ဖြန့်ဝေမှုအတွင်း လူအုပ်တက် နင်းခံရမှုကြောင့် မတ် ၃၁ ရက်မှာ လူ ၁၁ ဦး သေဆုံးခဲ့ရတယ်လို့ ကျန်းမားရေးဆိုင်ရာ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ဒါဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ရပ်တွေထဲကတခုလည်းဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်အတွင်း သေဆုံးသူတွေထဲမှာ အမျိုးသမီး ၅ ဦး နဲ့ ကလေးငယ် ၃ ဦး ပါဝင်ပြီး စက်ရုံ တခုက ပရဟိတဖြန့်ချိရေးနေရာမှာလည်း အလုအယက် ပြေးလွှားမှုတွေကြောင့် ဒဏ်ရာရသူ ၅ ဦးကို ဆေးရုံတင်ထားရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

အစိုးရ ကျောထောက်နောက်ခံပြု ငွေကြေးဖောင်းပွမှုဆိုင်ရာ သက်ရောက်မှုဖြေလျှော့ရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် နိုင်ငံတဝန်းက ဂျုံဖြန့်ချိပေးရေးစင်တာတွေမှာ လူထောင် ပေါင်းများစွာ စုဝေးခဲ့ကြတာပါ။ 

ငွေကြေးဖောင်းပွမှုကလည်း ရာခိုင်နှုန်း ၃၀ ကျော်အထိ နှစ်ပေါင်း ၅ဝ ကြာ မြင့်တက်နေပါတယ်။

ပါကစ္စတန်နိုင်ငံရှိ အခြားပြည်နယ်တွေက အများပြည်သူဖြန့်ချိပေးရေး နေရာတွေမှာလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အနည်းဆုံး လူ ၅ ဦးသေဆုံးကာ လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ 

ဒီလိုဖြန့်ချိပေးရေးနေရာတွေနဲ့ ထရပ်ကားတွေပေါ်က ဂျုံအိတ် ထောင်ပေါင်းများစွာလည်း လုယက်ခံခဲ့ရတယ်လို့ တရားဝင်မှတ်တမ်းတွေအရ သိရပါတယ်။ 

ပါကစ္စတန်ရဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုအပြင် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့နဲ့ သဘောတူညီ ထားတဲ့ ထောက်ပံ့ကြေးတွေ ဖယ်ရှားလိုက်တာကြောင့် မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေရဲ့ အကျပ်အတည်းကို ဒီဖြစ်ရပ်တွေက ထင်ရှားစေခဲ့ပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အနေနဲ့လည်း ပါကစ္စတန်နိုင်ငံအတွက် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပေးရေး အစီအစဉ်အပေါ် ခွင့်ပြုပေးဖို့ရှိပါတယ်။ 

ပြီးခဲ့တဲ့နှစ်အတွင်း ပါကစ္စတန်နိုင်ငံမှာ ဂျုံဈေးနှုန်း ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သလို အခြေခံကုန်ပစ္စည်းတွေလည်း ဈေးတက်လာပါတယ်။ 

ဒါကြောင့် ပါကစ္စတန်အစိုးရက အစ္စလာဘာသာဝင်တွေရဲ့  ဥပုသ်လဖြစ်တဲ့ ရာမဒန်ကာလအတွင်း အကူအညီ လိုအပ်နေတဲ့ သန်းပေါင်းများစွာသော မိသားစုတွေအတွက် ဂျုံဖြန့်ချီပေးရေး အစီအစဉ်ကို ပြီးခဲ့တဲ့အပတ်က စတင်လုပ်ဆောင်ခဲ့တာပါ။။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular