ကနေဒါနိုင်ငံ ကွီဘက်မြို့ရှိ စိန့်လောရန့်မြစ်ရဲ့ ရွှံ့နွံဧရိယာမှာ မတ် ၃၀ ရက်က ရဲတွေ ဆယ်ယူရရှိခဲ့တဲ့ ရုပ်အလောင်း ၆ ခုဟာ အမေရိကန်နိုင်ငံထဲကို တိတ်တဆိတ်ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ မိသားစု ၂ စုကနေ လာတာဖြစ်ပြီး မွေးကင်းစကလေးတယောက် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က မတ် ၃၁ ရက်မှာ ပြောကြားပါတယ်။
အဲဒီမိသားစု ၂ စုမှာ တစုက ရိုမေးနီးယားနွယ်ဖွားဖြစ်ပြီး ကျန်တစုက အိန္ဒိယနိုင်ငံသားတွေလို့ ယူဆရကြောင်း အက်ကွယ်ဆက်စ်နီ ရဲဌာနက လက်ထောက်ရဲချုပ် လီအန် အို ဘရိုင်ယန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သေဆုံးသူ ၆ ဦးဟာ အရွယ်ရောက်ပြီးသူ ၅ ဦးနဲ့ အသက် ၃ နှစ်အောက် ကလေးတဦး ဖြစ်ပါတယ်။
သေဆုံးတဲ့ ကလေးနဲ့ ပျောက်ဆုံးနေတဲ့ မွေးကင်းစ ကလေး ၂ ဦးစလုံးဟာ ရိုမေးနီးယား မိသားစုနဲ့ ဆက်စပ်နေပြီး ကနေဒါနိုင်ငံကူးလက်မှတ်တွေ ပါရှိကြောင်း အို ဘရိုင်ယန်က ပြောပါတယ်။
သေဆုံးရခြင်း အကြောင်းရင်းကို ဆုံးဖြတ်ဖို့ ရဲတပ်ဖွဲ့ဟာ မွန်ထရီရယ်မြို့မှ ရင်ခွဲစစ်ဆေးမှုနဲ့ အဆိပ်ဗေဒ စစ်ဆေးမှု ရလဒ်တွေကို စောင့်ဆိုင်းနေပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နဲ့ ကနေဒါဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုး တို့ဟာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုတွေကနေ ကနေဒါနိုင်ငံကို လာရောက်ကြတဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို ရပ်တန့်ဖို့ ပြီးခဲ့တဲ့ အပတ်ကမှ သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် မိသားစုတွေက ကနေဒါကို မလာဘဲ အမေရိကန်ကို သွားချင်ကြတာကြောင့် ကွီဘက်မြို့ရှိ ရော့ခ်ဆံမ် လမ်း အပါအဝင် တရားဝင်မဟုတ်တဲ့ နယ်စပ်ဝင်ပေါက်တွေ အားလုံးကို ပိတ်တဲ့ သဘောတူညီချက်ဟာ ဒီနေရာမှာ ဒီလို မဖြစ်သွားသင့်ဘူးလို့ အက်ကွယ်ဆက်စ်နီ ရဲတပ်ဖွဲ့က ပြောပါတယ်။
နှစ်စပိုင်းကတည်းက အက်ကွယ်ဆက်စ်နီနယ်မြေကို အသုံးပြုပြီး အမေရိကန်ကို လျှို့ဝှက် ဝင်ရောက်ဖို့ ကြိုးစားကြတဲ့သူတွေ တိုးလာပြီးတော့ ဖြစ်ရပ် ၄၈ ခုကို မှတ်တမ်းတင်ထားပြီး ကြောင်း၊ အများစုမှာ အင်ဒီးယန်း သို့မဟုတ် ရိုမေးနီးယားတွေဖြစ်ကြောင်း အို ဘရိုင်ယန် က ပြောပါတယ်။