အိုင်ပီအမ်စလောင်း အရောင်းသွက်
DVB
·
June 16, 2014
ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်လိုသူတွေ ၀ယ်ယူ တပ်ဆင်လာကြတာကြောင့် ထိုင်းနိုင်ငံလုပ် အိုင်ပီအမ် လိမ္မော်ရောင် ဂြိုဟ်တုစလောင်းတွေ ရောင်းကောင်းလာတယ်လို့ ဘားလမ်း စလောင်းအရောင်းဆိုင်တွေက ပြောပါတယ်။
နဂိုက တပ်ဆင်ခအပါအ၀င် ကျပ်ငွေ ၃ သောင်းကျော်ကျော်ပဲ ကျသင့်တဲ့ စလောင်းဟာ ၀ယ်ယူ တပ်ဆင်သူ များတာကြောင့် ကျပ် ၄ သောင်းအထိ ဈေးတက် သွားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံလုပ် အိုင်ပီအမ်လိမ္မော်ရောင် ဂြိုဟ်တု စလောင်းဖမ်းစက်ဟာ ထိုင်းချန်နယ်တွေ အများစု ဖမ်းယူ ကြည့်ရှုနိုင်ပြီး ဒီဗွီဘီ၊ ချန်နယ် ၇ နဲ့ အယ်လ်ဂျာဇီးယား ရုပ်သံလိုင်းတွေကိုလည်း ဖမ်းယူ ကြည့်ရှုနိုင်ပါတယ်။
လက်ရှိ ထိုင်းနိုင်ငံကို အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် အားလုံး ထိုင်းရုပ်သံ ချန်နယ်တွေကနေ ပြသရမယ်လို့ ညွှန်ကြားလိုက်တဲ့အတွက် မြန်မာပြည်ထဲက အိုင်ပီအမ်စလောင်း ဖမ်းယူ ကြည့်ရှုသူတွေကလည်း ကမ္ဘာ့ဖလားဘောလုံးပွဲ အားလုံး ကြည့်ခွင့်ရသွားတာ ဖြစ်ပါတယ်။