အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်မှုကြောင့် ဆေးရုံတက်နေရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်လာနေပြီး ကုသမှုတွေ ဆက်လုပ်နေချိန်မှာပဲ အလုပ်ပြန်လုပ်နိုင်နေပြီလို့ မတ်လ ၃၀ ရက်မှာ ဗာတီကန်နိုင်ငံက ပြောပါတယ်။
အသေးအဖွဲ ဖျားနာမှုအများအပြား ခံစားနေရတဲ့ အသက် ၈၆ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက အသက်ရှူရခက်နေကြောင်း ညည်းတွားခဲ့ပြီးနောက် မတ်လ ၂၉ ရက်က ဆေးရုံပို့ဆောင်ခဲ့သလို သူ့ကျန်းမာရေးအပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။
“ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ညအချိန်မှာ ကောင်းကောင်းအနားယူခဲ့တဲ့အပြင် သူ့ရဲ့ ဆေးဘက်ဆိုင်ရာ ပုံရိပ်ကလည်း တဖြည်းဖြည်း တိုးတက်လာနေပြီး သူ့အနေနဲ့ အစီအစဉ်အတိုင်း ကုသမှုကို ဆက်လက်ခံယူနေပါတယ်” လို့ ဗာတီကန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မတ်တေးယို ဘရူနီက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီလအစောပိုင်းမှာ ပုပ်ရဟန်းမင်းကြီးအဖြစ် တာဝန်ယူမှု ၁၀ နှစ်ပြည့်မြောက်ခဲ့တဲ့ ဖရန်စစ် အနေနဲ့ ရောမမြို့က ဂျင်မ်မယ်လီဆေးရုံကနေ ဘယ်အချိန်ဆင်းရမယ် ဆိုတာကိုတော့ ဘရူနီက မပြောခဲ့ပါဘူး။
ဗာတီကန်ကတော့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရက်အနည်းငယ် ဆေးရုံတက်ရလိမ့်မယ်လို့ မျှော်မှန်းထားကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောထားပါတယ်။
လာမယ့် ဧပြီ ၂ ရက်နေ့မှာ စတင်မယ့် ခရစ်ယာန်ပြက္ခဒိန်ထဲမှာ အလုပ်အများဆုံး ကာလတွေထဲက တခုဖြစ်တဲ့ အီစတာပွဲတော်မတိုင်ခင် Holy Week မှာ ပုပ်ရဟန်းမင်းကြီး ပါဝင်နိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။