ဘရာဇီး ဂန္တ၀င်ဘောလုံးသမား ပီလီပြတိုက် ဖွင့်လှစ်

701
ဘရာဇီးရဲ့ ဂန္တ၀င်ဘောလုံးသမား ပီလီကို ဂုဏ်ပြုတဲ့အနေနဲ့ ပီလီပြတိုက်ကို သူဘောလုံးစကစားခဲ့တဲ့ ဆန်းတို့စ်မြို့မှာ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။
ဒီပြတိုက်ဖွင့်ပွဲကို ပီလီကိုယ်တိုင် လာရောက်ဖွင့်လှစ်ပြီး သူဘောလုံးစကစားတဲ့ အချိန် ၁၉၅၈ ခုနှစ် ဆွီဒင်မှာတုန်းက ဘရာဇီးအသင်းကို လူတွေ မသိခဲ့ကြောင်း၊ အခုပြတိုက်ဖွင့်တဲ့အချိန်မှာ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်တဲ့ ဘရာဇီးကို တကမ္ဘာလုံးက စောင့်ကြည့်ရတဲ့ခေတ် ကို ရောက်နေပြီ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။
အဲဒီပြတိုက်မှာ ဘရာဇီးရဲ့ ဘောလုံးသမိုင်းကြောင်းကို နောက်ခံထားပြီး ပီလီရဲ့ နောက်ကြောင်းရာဇ၀င်တွေ၊ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေ၊ အသုံးဆောင်ပစ္စည်းတွေနဲ့ ဆုတံဆိပ်တွေကို ခင်းကျင်းပြသထားပါတယ်။
၂၀၀၁ ခုနှစ်ကတည်းက အဆောက်အအုံ ၃ ခုကို ပြန်လည်ပြင်ဆင်ပြီး ပြတိုက်ဖြစ်ဖို့ ကြိုစားလာတာ အမေရိကန်ဒေါ်လာ ၂၁ သန်း အကုန်အကျခံ ဆောက်လုပ်ခဲ့ရတယ်လို့ သိရှိရပါတယ်။
ဘရာဇီးဘောလုံးအသင်းမှာ ပီလီဟာ အမြင့်ဆုံးဘောလုံးသမား စံချိန်တင်ထားသူ ဖြစ်ပါတယ်။
